၁၂.၆.၂၀၂၄
Written By Thandar
အလင်းရောင်နဲ့ မိုးဟေကိုတို့ရဲ့ အချစ်အမုန်းအာဃာတတရားတွေပါဝင်တဲ့ “မိတင်စိန်” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ယမန်နေ့ ဇွန်လ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“၁၉၆၀ ကျော်ဝန်းကျင်ခေတ်ကာလနဲ့ နောက်ခေတ်ပေါင်းစပ်ထားတာလည်းဖြစ်တယ်။ ဒီဇာတ်ကားက အရင်ရိုက်ထားတဲ့ မိတင်စိန်နဲ့ မတူကွဲပြားအောင် ရိုက်ကူးဖန်တီးထားတာပါ။ ဇာတ်လမ်းကိုလည်း ကွဲပြားအောင် ပေါ့နော်။ ကျန်တာကတော့ ကြည့်တဲ့ပရိသတ်ရဲ့ အဆုံးအဖြတ်နဲ့ အမြင်ပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ပထမကားနဲ့ ကွဲပြားခြားနားမှုရှိတယ်လို့မြင်ပါတယ်။ ဇာတ်လမ်းပိုင်ဆိုင်ရာ အားကောင်းလာတယ်လို့ လည်းထင်ပါတယ်။ လူတစ်ယောက်ဟာ အချစ်ကြီးလို့ အမျက်ကြီး အတ္တကြီးတာလည်းရှိတယ်။ နာကျည်းချက်အငြိုးတွေ အမုန်းတရား။ တကယ်တမ်းတော့ ဘယ်သူအတွက်မှ မကောင်းပါဘူး။ ပရိသတ်တွေ ပြန်လည်ကြည့်ရှုခံစား ဝေဖန်အကြံပေးကြဦးလို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားက ဝတ္ထု ရှင်မိုး၊ ဇာတ်ညွှန်း သီဟစိုးကရေးသားပေးပြီးတော့ ဒါရိုက်တာဝိုင်း(Own Creator) က ပြင်ဦးလွင်နဲ့ ရန်ကုန်တို့ဘက်မှာ ၂၀၁၉ ခုနှစ်က ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင် ၊ မိုးဟေကို ၊ ထွန်းကိုကို ၊ ခိုင်နှင်းဝေ ၊ ဆုထက်ကုဋေ ၊ ဇော်ဝင်းမောင် ၊ ဦးဝင်းမြိုင် ၊ ခင်မို့မို့အေး ၊ ဝင်းမင်းသန်း စတဲ့အနုပညာရှင်တွေပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးကို တေးရေး Joseph Fish ကရေးသားပေးပြီးတော့ တေးသံရှင် မယ်လိုဒီခေါင်က သီဆိုပေးခဲ့တာဖြစ်ပါတယ်။
“မိတင်စိန်” ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၄ ရက်နေ့က စတင်ပြီး တစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။