၁၂. ၆. ၂၀၂၄
Written by Thettant
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ဇွန်လ ၁၁ ရက် ည ၇ နာရီက လာအိုနိုင်ငံမှာ မြောက်ကိုရီးယားနဲ့အဝေးကွင်းပွဲစဥ် ကွင်းပိတ် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဥ်မှာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
ကွင်းပိတ်ကစားရလို့ Live လွှင့်ပြသနိုင်မှုမရှိတဲ့ ဒီပွဲမှာ မြောက်ကိုရီးယားအတွက် ဂိုးတွေကို I.Ri က ၁၂ မိနစ်နဲ့ J.Ri က ၁၇၊ ၄၃ မိနစ်တွေမှာ သွင်းယူခဲ့လို့ ပထမပိုင်းမှာမြန်မာအသင်းက သုံးဂိုးပြတ်ရှုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားသမား ဝေလင်းအောင်က တစ်ဂိုးပြန်သွင်းခဲ့ပေမဲ့ ပွဲကစားချိန် ၈၈ မိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်လ်တီကို J.Ri က သူ့အတွက် ဟတ်ထရစ်အဖြစ်သွင်းယူခဲ့လို့ မြန်မာအသင်း ဂိုးပြတ်ရှုံးခဲ့တာပါ။
မြန်မာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲမှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့နဲ့ တွေ့ဆုံခဲ့ပြီး ၆ ပွဲကန်ပြီးချိန်မှာ ဂျပန်ကို ၅ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းအဝေးကွင်း နှစ်ကျော့လုံးရှုံးထားသလို အိမ်ကွင်းမှာ မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးထားပြီး ဆီးရီးယားကို ပထမအကျော့ ၁ ဂိုးစီသရေကျခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၇ ဂိုး ဂိုးမရှိရှုံးခဲ့ပြီး မနေ့က ကစားခဲ့တဲ့ပွဲမှာလည်း မြောက်ကိုရီးယားကို ၄ ဂိုး ၁ ဂိုးနဲ့ရှုံးခဲ့လို့ ပေးဂိုး ၂၆ ဂိုး၊ ရဂိုး ၃ ဂိုးနဲ့ သိက္ခာဆယ်အမှတ် တစ်မှတ်သာရရှိခဲ့လို့ ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်က ပေးဂိုးအများဆုံး၊ ရဂိုးအနည်းဆုံးနိုင်ငံအဖြစ် ဒုတိယအဆင့်နဲ့သာ အဆုံးသတ်ရပြီဖြစ်ပါတယ်။