October 23, 2024

၂၂. ၁၂. ၂၀၂၂
Written by Nay Moe

ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ရင်ဆိုင်နေရချိန် ဆရာဝန်ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သစ္စာမဲ့စွာဖြင့် မျက်ကွယ်ပြုကျောခိုင်းခဲ့သည့်အတွက် ပြည်သူအချို့ အသက်ဆုံးပါးခဲ့ရသည်ဟု SAC ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မိမိတို့နိုင်ငံကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့အောင် ဆူပူဆန္ဒပြခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်း၊ လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ကို အားလုံးသိရှိပြီးဖြစ်သည်ဟု တပ်ချုပ်က ပြောကြားသည်။

ထိုအထဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် မြင့်မားနေချိန်အတွင်း ကျန်းမာရေးဝန်ထမ်း အချို့အနေဖြင့် အများပြည်သူ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လျစ်လျူရှုရုံသာမက ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေသူများကို နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းသည် သမိုင်းတွင် မည်သို့မျှ ဖျောက်ဖျက်မရသည့် အမည်းစက်များပင် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ဆိုသည်။

လွဲမှားသည့် စိတ်ခံစားချက်နှင့် လှုံ့ဆော်ချက်များကြောင့် ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ချိုးဖောက်ပြီး အချို့ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံအတွက် အရေးကြီးသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်နေရချိန်၌ ဆရာဝန်ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သစ္စာမဲ့စွာဖြင့် မျက်ကွယ်ပြု ကျောခိုင်းခဲ့သည့် လုပ်ရပ်များကို ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူအချို့ အသက်ဆုံးပါးခဲ့ခြင်းများကို စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရကြောင်း တပ်ချုပ်က ပြောကြားသည်။

ထို့ကြောင့် ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကို ရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကို ခံယူခဲ့ပြီးသူတစ်ဦးသည် လူသားတို့၏အသက်ကို ကယ်တင်ရန် ပျက်ကွက်ခဲ့ပါက အဆိုပါဆရာဝန်များသည် သစ္စာမဲ့သူ၊ လူနာများအပေါ် ထိခိုက်ကျူးလွန်ခဲ့သူများသာဖြစ်ကြောင်း၊ သစ္စာဆိုသည့်စကား၏ အဓိပ္ပါယ်သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မှန်ကန်စွာ စောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ္စာတရားတည်ကြည်ခြင်းသည် အကျိုးရလဒ်ဖြင့် ပြည့်ဝနေမည်ဖြစ်သကဲ့သို့ သစ္စာတရားပျက်ယွင်းခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်းများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များကို သင်ခန်းစာယူပြီး မိမိအဖွဲ့အစည်းနှင့် မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြရန်၊ မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ် မြဲကြရန် အလေးအနက်ထား မှာကြားလိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၁ အာဏာပဋိပက္ခဖြစ်စဥ်ကြောင့် လက်ရှိတွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဆရာဝန်များက CDM လုပ်ရန် ဦးဆောင်လှုံ့ဆော်မှုကြောင့် ပြည်တွင်းဆေးရုံအများစု ပိတ်ခဲ့ရပြီး ထိုဆေးရုံများတွင် ကုသမှုခံယူနေရသည့် လူနာသောင်းချီမှ သေဆုံးမှုများဖြစ်ခဲ့သလို ဆေးရုံပိတ်၍ ကုသမှုမခံယူနိုင်သူများစွာလည်း ကွယ်လွန်ခဲ့သည်။ ထို့အတူ ကိုဗစ်တတိယလှိုင်းတွင် ကာကွယ်ဆေးမထိုးရန် လှုံ့ဆော်ခြင်းနှင့် ဆေးထိုးရာနေရာများ ဗုံးခွဲခြင်းကြောင့်လည်း နိုင်ငံတစ်ဝန်းတွင် လူသောင်းချီသေဆုံးခဲ့သည်။ ထိုသို့ လုပ်ရပ်များနှင့်အတူ ပြည်သူ့ကျန်းမာရေးကို ဆရာဝန်ကျင့်ဝတ်နှင့်အညီ ဆက်လက်လုပ်ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကိုလည်း သူလျှို၊ ဒလန်၊ အစိုးရယန္တရားလည်ပတ်အောင် လုပ်ဆောင်သည်ဟုဆိုသည့် စွပ်စွဲချက်များဖြင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးကို သတ်ဖြတ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *