October 18, 2024

၁၁. ၆. ၂၀၂၄
Written by Naing Thuta

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုသူ ၁၉၄၄၂ ဦးရှိသည့်အနက် အောင်မြင်သူ ၁၂၄၁၄ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၆၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုကြပြီး တာဝန်ကျဆရာ၊ ဆရာမများအနေဖြင့်လည်း စနစ်တကျကြည့်ရှုနိုင်ကြစေရန် ကြီးကြပ်ကာ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများစာရင်းအား စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်စာရင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်ချိုက” ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲက KG+12 စနစ်သစ် ပညာရေးရဲ့ ပထမဆုံးသောစာမေးပွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ခရိုင် ၁၁ ခုနှင့် မြို့နယ် ၂၈ ခုမှ စာစစ်ဌာန ၇၄ ခုမှာ  ဖြေဆိုရန်လျှောက်ထားသူ ၂၀၂၁၆ ဦးအနက် ၁၉၄၄၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ အဲ့ဒီထဲကမှ ၁၂၄၁၄ ဦး အောင်မြင်ခဲ့ပါတယ်။ အောင်ချက် ရာခိုင်နှုန်းကတော့ ၆၃ ဒသမ ၈၅ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒီနေ့အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူတွေရော၊ သူတို့ရဲ့မိဘတွေအတွက်ပါ ဂုဏ်ယူပါတယ်” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *