October 23, 2024

စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးကို UMFCCI ၏ (၃၁)မြောက်နှစ်ပတ်လည်အစည်းအဝေးတွင် တွေ့ရစဉ်

၂၂.၁၂.၂၀၂၂
Written by Ye Kyaw
ပြည်တွင်းစီးပွားရေးနယ်ပယ်အတွင်း ဂယက်ထအောင် လူမှုကွန်ယက်နှင့် နည်းပညာများအသုံးပြုကာ မမှန်မကန်သတင်းများ ထုတ်လွှင့်မှုများရှိနေသည့်အတွက် တာဝန်ရှိသူများအနေဖြင့် သတင်းအမှန်များ မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးသွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၁)မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။


‘’ယနေ့ခေတ်ကာလမှာ နည်းပညာအလွဲပြုသူတချို့က စီးပွားရေးနယ်ပယ်အတွင်းမှာ ဂယက်ထအောင် လူမှုကွန်ယက်နဲ့ နည်းပညာတွေ အသုံးပြုပြီး ဆောင်ရွက်နေကြတာကို စိတ်မကောင်းဖွယ်တွေ့ရှိရပါတယ်။ နိုင်ငံသား၊ ပြည်သူများအကြားမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းအမှားများနဲ့ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာအောင် လုပ်ကြံသတင်းထုတ်လွှင့်မှုများ တွေ့ရှိနေရတဲ့အတွက် ဒီလိုလှုပ်ရှားမှုများကို အသင်းချုပ်ကြီးအနေနဲ့ သတင်းအမှန်များ ပြန်လည်ထုတ်ပြန်ပြီး ချေဖျက်ပေးစေလိုတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။


လက်ရှိမြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ပွင့်လင်းမြင်သာမှုရှိရေးက အရေးပါသည့် အချက်တစ်ခုအဖြစ်ရှိနေသောကြောင့် နိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတိုးတက်မှုကို ဟန့်တား၍မရနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


“တစ်ဖက်မှာလည်း သတင်းအချက်အလက် နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်မြင့်မားလာတာကြောင့် သတင်းဖြန့်ကျက်မှုက ထုထည်အားဖြင့်ရော၊ အမြန်နှုန်းအားဖြင့်ရော တစ်စထက်တစ်စ ပိုမိုကြီးမားလာတာကို တွေ့ရပါတယ်။ အဆိုပါ အခြေအနေမှာ မိမိတို့ရဲ့ စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့လျှင် နိုင်ငံသားအားလုံးအတွက် ရလဒ်ကောင်းတွေကို ပေါ်ပေါက်စေမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေစျေးကွက်တွင် မသမာသူများက ဒေါ်လာစျေးဆွဲတင်ရန်နှင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးစေရန် ငွေလဲနှုန်းရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်အား ထပ်မံတိုးမြှင့်သွားမည်ဆိုသည့် သတင်းအမှားများ ထုတ်လွှင့်မှုများရှိခဲ့သည်။ ထို့ကြောင့် လက်ရှိငွေလဲနှုန်းရည်ညွှန်းစျေး တစ်‌ဒေါ်လာ ၂၁၀၀ ကျပ်မှ ထပ်မံတိုးမြှင့်သွားမည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ပြီး ဈေးကွက်အတွင်း ဒေါ်လာများ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *