၁၁. ၆. ၂၀၂၄
Written by Nay Moe
NUG နဲ့ PDF တွေကို ထောက်ပို့လုပ်ပြီး မြန်မာပြည်တွင်းစစ်မီးအဓွန့်ရှည်အောင် အလှူခံထောက်ပို့နေတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးခန်းကို ထိုင်းအာဏာပိုင်တွေက မနေ့က ဇွန် ၁၀ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ လာရောက်ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
နွေဦးတမန်တော်လှန်ရေးထောက်ပို့ရုံးခန်းကို လာရောက်ဖျက်သိမ်းချိန်မှာ ထိုင်းရဲ၊ အာဏာပိုင်နဲ့ သူကြီး ၃၀ ခန့်ပါဝင်ပြီး ရုံးခန်းနံရံမှာချိတ်ဆွဲထားတဲ့ အကျဥ်းစံသမ္မတဟောင်း ဦးဝင်းမြင့်ဓာတ်ပုံ၊ အဂတိလိုက်စားမှုတွေနဲ့ ထောင်ကျနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့ အရင်တုန်းကအသုံးပြုတဲ့ မြန်မာနိုင်ငံအလံအဟောင်းတွေ ဖြုတ်ခိုင်းပြီး သူတို့စီးလာတဲ့မော်တော်ယာဥ် ခြေနင်းဖတ်မှာစုပုံ သိမ်းယူသွားတယ်လို့ သိရပါတယ်။
ဒီလိုမျိုး ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကားခြေနင်းဖတ်မှာစုံပုံသွားတဲ့အပြင် နွေဦးတမန်တော်လှန်ရေးထောက်ပို့အဖွဲ့ တာဝန်ခံကို ထိုင်းအာဏာပိုင်တစ်ဦးက ဖင်ပိတ်ကန်တာနဲ့ပတ်သက်ပြီး နွေဦးတမာန် တော်လှန်ရေးထောက်ပို့ Page မှာ NUG ကို အကူအညီတောင်းခံထားသလို “ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်း အလုပ်လုပ်နေပြီး ထဲထဲဝင်ဝင် ကူညီလုပ်ဆောင်ပေးနေတဲ့ ထောက်ပို့ တာဝန်ခံ (ခေါင်းဆောင်)တစ်ယောက်ကို အိမ်နီးချင်းနိုင်ငံအနေနဲ့ အသိအမှတ်မပြုရင်နေပါ။ ထိုင်းလူကြီးမင်းများအနေနဲ့ မြန်မာပြည်သားရွှေ့ပြောင်းလုပ်သားတစ်ဦးကို အခုလို အနိုင်ကျင့်ကန်ကျောက်တာကိုတော့ ထိုင်းတာဝန်ရှိလူကြီးမင်းများ ခွင့်ပြုမိန့်ပေးထားပါသလားဆိုတာကို သိချင်ပါတယ်”လို့လည်း ရေးသားထားတာ တွေ့ရပါတယ်။
နွေဦးတမာန် တော်လှန်ရေးထောက်ပို့ အဖွဲ့ Page မှာ တင်ထားတဲ့ရုပ်သံမှာလည်း စိတ်ဆိုးနေပုံရတဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ထောက်ပို့အဖွဲ့တာဝန်ခံကို ဖင်ပိတ်ကန်လို့ ရုံးကထောက်ပို့အမျိုးသမီးတစ်ယောက်က တားမြစ်နေတဲ့အသံနဲ့ ဒီနေ့မနက်ပိုင်းကဖော်ပြထားတာ တွေ့ရပါတယ်။
NUG ထောက်ခံတဲ့ ပြည်ပသတင်းဌာနတွေက နွေဦးတမန်တော်လှန်ရေးထောက်ပို့အဖွဲ့ဟာ စစ်ရှောင်ပြည်သူတွေကိုထောက်ပို့တာလို့ လိမ်လည်ဖော်ပြနေကြပေမဲ့ နွေဦးတမန်တော်လှန်ရေးထောက်ပို့အဖွဲ့ Page မှာတော့ အယ်စေးဝါးရဲ့ Lion Batallion ဗျူဟာစစ်ကြောင်းကို ရိက္ခာထောက်ပို့တာ၊ စောကော်ရဲ့ Cobra Colum ကို အလှူငွေနဲ့ ရိက္ခာလှူတာတွေ ဖော်ပြထားပြီး NUG နဲ့ PDF ထောက်ပို့တွေဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ-နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့ရုံး ဝင်ရောက်စီးနင်းခံရမှုရုပ်သံဖိုင်မှ မှတ်တမ်းများနှင့် PDF ထောက်ပို့ထားမှုမှတ်တမ်း။