October 19, 2024

၁၁. ၆. ၂၀၂၄
Written by Thettant

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း တစ်နိုင်ငံလုံး အမှတ်အများဆုံး လူ ၃၀ စာရင်းမှာ မဟော်သဓာကိုယ်ပိုင်အထက်တန်း ကျောင်းက ၃ ဦးပါဝင်ခဲ့သလို အင်းစိန်အကျဉ်းထောင်က ကျောင်းသားတစ်ဦးကလည်း အမှတ်အများဆုံးစာရင်း ပါဝင်ခဲ့ပြီး တစ်နိုင်ငံလုံး အောင်ချက်ကလည်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် တက္ကဝင်တန်းအောင်စာရင်း တစ်နိုင်ငံလုံး အမှတ်အများဆုံး လူစာရင်း သိပ္ပံတွဲမှာ မောင်မင်းခန့်ဗိုလ်က ရမှတ် ၅၅၇ မှတ်နဲ့ ပထမ၊ ဝိပ္ပံတွဲမှာ မောင်လင်းလင်းပိုင်က ၅၂၁ မှတ်နဲ့ ပထမနေရာရှိနေပေမဲ့ ဒုတိယနေရာက မအေးချမ်းပြည့်မွန်ကလည်း ၅၂၁ မှတ်ရခဲ့ပြီး ဝိဇ္ဇာတွဲမှာတော့ မဝင်းလက်တွယ်တာက ငါးဘာသာဂုဏ်ထူးပါဝင်ပြီး ၅၂၃ မှတ်နဲ့ တစ်နိုင်ငံလုံး ပထမရခဲ့တာပါ။

ဒါကြောင့်မို့လို့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း တစ်နိုင်ငံလုံး အမှတ်အများဆုံး လူ ၃၀ စာရင်းမှာ လှည်းကူးမြို့နယ်မှာရှိတဲ့ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းက မအေးချမ်းပြည့်မွန်က ဝိပ္ပံတွဲမှာ ရမှတ် ၅၂၁ မှတ်နဲ့ နံပါတ် (၁) နေရာက မောင်လင်းလင်းပိုင်နဲ့ အမှတ်အတူရခဲ့သလို မမြဆုခိုင်ကလည်း ၅၁၂ မှတ်နဲ့ တစ်နိုင်ငံလုံးမှာ အဆင့် ၃ ချိတ်ခဲ့တဲ့အပြင် မောင်ရဲထက်နိုင်ကလည်း ငါးဘာသာဂုဏ်ထူးမှာ ၅၀၂ မှတ်နဲ့ တစ်နိုင်ငံလုံးအဆင့် ၆ ရခဲ့တာဖြစ်ပါတယ်။

၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူ ၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၇ ဦးစလုံး အောင်မြင်ခဲ့တာပါ။ အောင်မြင်သူတွေက လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်လေးဦးနဲ့ နှစ်ဘာသာ ဂုဏ်ထူးရှင်နှစ်ဦးတို့ဖြစ်ပြီး ရာနှုန်းပြည့် ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တာပါ။ အဲဒီအထဲမှာမှ မောင်ကျော်လင်းခင်ဟာ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာဂုဏ်ထူးနဲ့ ရမှတ် ၄၉၈ မှတ်ရပြီး တစ်နိုင်ငံလုံး တတိယရခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနဲ့ ပြည်တွင်း စာစစ်ဌာန ၈၃၀ ၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့တဲ့အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အထူးအစီအစဉ်နဲ့ ဖြေဆိုခဲ့သူဦးရေ ၁၈၅ ဦးရှိလို့ စုစုပေါင်း ဖြေဆိုသူ ၁၂၈,၈၂၀ ရှိခဲ့ပြီး အဲဒီအထဲက ၇၄,၅၉၂ ဦး အောင်မြင်ခဲ့လို့ ဖြေဆိုသူဦးရေရဲ့ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *