October 19, 2024

၁၁.၆.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှ သင်တန်းပို့ချသူလေးဦးသည် တရုတ်နိုင်ငံ၊အရှေ့မြောက်ဘက်ရှိ ဂျီလင်းပြည်နယ်အတွင်း ဇွန်လ ၁၀ ရက်က အများပြည်သူ ပန်းခြံတစ်ခုအတွင်း ဓားဖြင့်ထိုး၍ တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်သတင်းမီဒီယာများနှင့် အစိုးရအရာရှိများက ပြောခဲ့ကြသည်။

၎င်းတို့က ကွန်နယ်လ်ကောလိပ်မှ သင်တန်းပို့ချသူများဖြစ်ပြီး တရုတ်နိုင်ငံရှိ မိတ်ဖက်တက္ကသိုလ်တစ်ခုသို့ လာရောက်လည်ပတ်ကြစဉ် ထိုသို့ ဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်။

အိုင်အိုဝါပြည်နယ်၏ ကွန်ဂရက်လွှတ်တော်အမတ် မာရီယန်နက်တီ မီလာ-မိခ်စ်က ၎င်းတို့အနေဖြင့် ထိုကိစ္စအတွက်သင့်တော်သောလမ်းကြောင်းများမှ ဆောင်ရွက်လျက်ရှိပြီး သင်တန်းပို့ချသူများအနေဖြင့် ၎င်းတို့၏ဒဏ်ရာများအတွက် ကုသစောင့်ရှောက်မှု ဦးစွာခံယူရန်နှင့် တရုတ်နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာနိုင်ရန် ဆောင်ရွက်နေကြောင်းပြောခဲ့သည်။

အိုင်အိုဝါပြည်နယ် အုပ်ချုပ်ရေးမှူး ကင် ရေးနော့ ကလည်း အဆိုပါကြောက်မက်ဖွယ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။

ကွန်နယ်လ်ကောလိပ် ပြောရေးဆိုခွင့်ရှိသူ ဂျန်ဗစ်ဆာက အဆိုပါ ဓားထိုးမှုမှာ ဂျီလင်းပြည်နယ်မြို့တော်၊ ဂျီလင်းမြို့အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိတ်ဖက်တက္ကသိုလ်က ပြည်နယ်အတွင်းရှိ Beihua တက္ကသိုလ်ဖြစ်ကြောင်းလည်းပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုဓားထိုးမှုဖြစ်ပွားခြင်းအား သိရှိကြောင်းနှင့် အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း ပြောခဲ့သည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ တရုတ်အာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်းမရှိသကဲ့သို့ တရုတ်မီဒီယာများတွင်လည်း ထိုဖြစ်ရပ်အား သတင်းဖော်ပြခြင်းမရှိသေးပေ။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *