October 19, 2024

၁၁.၆.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့၊ ကင်းတားစက်ရုံအနီး၊ မောင်းဂွေးရေတံခွန်၊ ပန်းတောင်ချောင်းအတွင်း ပျော်ပွဲစားထွက်လာသည့် အမျိုးသမီးငယ် ၂ ဦးရေနစ်သေဆုံးသွားကြောင်း သိရသည်။

ဇွန်လ ၁၀ ရက် ညနေ ၃ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မကျီးကုန်းရပ်ကွက်မှ အလုပ်ရှင်တစ်ဦးက မော်တော်ယာဥ်ဖြင့်အလုပ်သမားများကို ကူမဲမြို့၊ ကင်းတားစက်ရုံအနီးရှိ မောင်းဂွေးရေတံခွန်သို့ ပျော်ပွဲစားထွက်ပို့ရင်း ဆော့ကစားကြရာမှ မစုဝေလွင်နှင့် မနန်းစံပယ်ခိုင်တို့ အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးသွားရခြင်းဖြစ်သည်။

“တစ်ယောက်နစ်တာကို တစ်ယောက်က ဆယ်တာ။အဲ့မှာနစ်ယောက်စလုံးရေနစ်သေတာ”ဟု အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

အမျိုးသမီးငယ်နှစ်ဦး၏ရုပ်အလောင်း ၂ လောင်းကို ကူမဲလူမှုကူညီရေးအသင်းမှ ဟန်မြင့်မိုရ်အထိလိုက်ပို့ပြီး အိုးဘိုကျန်းမာရေးနှင့် Rescue အသင်းမှ ဆက်လက်သယ်ဆောင်ကာ စစ်ကိုင်းမြို့၊ မကျီးကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် မစုဝေလွင်နေအိမ်နှင့် စစ်ကိုင်းမြို့၊ မီးရထားရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇) နှစ်အရွယ် မနန်းစံပယ်ခိုင်တို့ နေအိမ်သို့ ကွယ်လွန်သူနှစ်ဦးရုပ်အလောင်းအသီးသီးကို ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – အိုးဘိုကျန်းမာရေးနှင့် Rescue အသင်း

Leave a Reply

Your email address will not be published. Required fields are marked *