October 19, 2024

မုဒိမ်းမှုပိတ်ပေးရန် ငွေ ကျပ်သိန်း ၂၀၀ ဖြင့် ညှိနှိုင်းသည်ကိုလက်မခံဟုပြော၍ “နင်တို့မယူရင် ထောင်ကျသွားလည်း ထောင်မင်းသားလုပ်လို့ရတယ်”ဟု တရားခံဘက်က ကြုံးဝါး

၁၁.၆.၂၀၂၄
Written By Zun

မွေးရာပါဆွံ့အကိုယ်အင်္ဂါမသန်မစွမ်းသူအမျိုးသမီးငယ်အား မုဒိန်းကျင့်ခဲ့သူကို ထိုက်တန်သည့်ပြစ်ဒဏ်ပေးစေလိုကြောင်း မုဒိမ်းကျင့်ခံရသည့်မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက MT News ကို ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း မွေးရာပါဆွံ့အကိုယ်အင်္ဂါမသန်မစွမ်းသည့် အသက် ၂၀ ခန့် မိန်းကလေးငယ်အား ဘေးချင်းကပ်လျက်နေအိမ်မှ သမီး ၃ ယောက် အဖေက မုဒိန်းကျင့်ခဲ့သည့်အတွက် ယခုအခါ အဆိုပါ အမျိုးသမီးငယ်တွင် ကိုယ်ဝန် ၅ လ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

သမီးဖြစ်သူကိုယ်ဝန် ၅ လ ကျော်နေသည့်အချိန်ကျမှ သိရှိသည့် မိခင်ဖြစ်သူက သိသည့်နေ့တွင်ပင် အမှူဖွင့်ခဲ့ရာ ဒိုက်ဦးရဲစခန်းက (ပ)၇၇/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုလက်ခံ ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“အမှုဖွင့်တာက မေလ ၉ ရက်နေ့မှ ဖွင့်ခဲ့တာ။ ကိုယ်ဝန်ရှိတယ်ဆိုတာကို သိတာက မေလ ၇ ရက်နေ့ကမှသိတာ။ အခုလိုဖြစ်တဲ့ဟာကို ဘယ်လိုသိလဲဆိုတော့ ကျွန်မ နေမကောင်းလို့ဆိုပြီး သားဖွားဆရာမကိုခေါ်ပြီးတော့ ဆေးထိုးရင်းနဲ့ပဲ သူကလည်း တချောင်ချောင် ဖြစ်နေတော့ သူ့ကိုပါပြကြည့်လိုက်တာပေါ့။ ဆရာမက ချက်ချင်းတောင် မပြောနိုင်ဘူးဖြစ်သွားတယ်။ ဟယ် ရိုးလိုက်၊ အလိုက်ကြတာ။ ကလေးကကိုယ်ဝန်ရှိနေတာ လို့ ပြောတော့မှ။ ဒါပေမဲ့လည်း မဖြစ်နိုင်ဘူး၊ မယုံဘူးပေါ့။ လုံးဝမဖြစ်နိုင်ဘူး။ ဒီနားမှာသူစိမ်းမှမရှိတာ။ ဆရာမက သူ့ရဲ့အတွေ့အကြုံအရ ဗိုက်ထဲမှာကလေးပဲတဲ့။ သေချာအောင် အာထရာဆောင်းရိုက်ကြည့်လိုက်ပါပြောလို့ ညောင်လေးပင်မှာ သွားရိုက်လိုက်တာပါ။ အဲဒီက ဆရာဝန်ကနေ ဟုတ်တယ်၊ ကလေးပဲ။ ကိုယ်ဝန်က(၅)လကျော်နေပြီဆိုပြီးတော့ပြောတော့ ဘယ်လိုမှမခံစားနိုင်ဘူး”ဟု နစ်နာသူ အမျိုးသမီးငယ်၏ အဒေါ် ဖြစ်သူက ပြောသည်။

ကျူးလွန်ခံရသူ အမျိုးသမီးငယ်မှာ ဆွံ့အမသန်မစွမ်းသူ ဖြစ်သောကြောင့် မေးမြန်းရာတွင် ခေါင်းညိတ်၊ ခေါင်းခါ လုပ်ရန် ပြောဆိုမေးမြန်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“သူကပါးစပ်ကလည်းသရေတွေကျလို့။ အဲလိုမျိုးထိုင်ကြည့်နေတာပေါ့။ သမီးမကြောက်နဲ့။ သမီးဗိုက်ထဲမှာ ရောဂါရှိတယ်။ အဲဒီ ရောဂါအလုံးကြီးက လူမသိရင်ပြလို့မရဘူးဆိုပြီးချော့ပြီးမေးတာပေါ့။ အန်တီလေးနာမည်ရွတ်ပြမယ်။ ဟုတ်လို့ရှိရင် ခေါင်းညိတ်။ မဟုတ်လို့ရှိရင်ခေါင်းယမ်းလို့ဆိုပြီးပြောပြတာပေါ့။ သူက စကားသာမပြောနိုင်တာ။အိမ်နီးနားချင်းကလူတွေကိုတော့ သိပါတယ်။ အနားကလူတွေထဲက ယောင်္ကျား လေး၊ ငါးယောက်လောက်ပဲ ရှိတာ။ အဲဒီလူတွေကို သူသိတယ်။ ကျန်တဲ့အဝေးကလူတွေသာ သူမသိတာပေါ့နော်။ နာမည်တွေကို ရွတ်ပြလိုက်။ ခေါင်းခါလိုက်ပေါ့။ ခြံဘေးနားကသုံးယောက်နာမည်ကို အရင်မေးပြီးတော့ သူကခေါင်းယမ်းပြတယ်။ နိုင်နိုင်လားဆိုတော့မှ အင်းတဲ့ခေါင်းညိတ်တယ်။ နိုင်နိုင်ဆိုတာက ကျော်နိုင်ပေါ့နော်။ လုပ်တဲ့ကောင်က ကျော်နိုင်ပေါ့နော်။ ကလေးနေတဲ့အိမ်နဲ့ အဲဒီနိုင်နိုင်နေတဲ့အိမ်နေရာက ခြံစည်းရိုးမရှိဘူး။ ဘေးချင်းကပ်ပါ”ဟု ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ အဒေါ်က ဆိုသည်။

တရားလို၏ တိုင်တန်းချက်အရ ရဲစခန်းက အမှုကို လက်ခံပြီးနောက် အဆိုပါ ကျူးလွန်သူကို ဖမ်းဆီး၍ စစ်ဆေးရာ ကျူးလွန်သူကလည်း အရက်သောက်စားကာ တဏှာရာဂဆန္ဒဖြင့် နေအိမ် နွားတင်းကုတ်တွင် ကာမ စပ်ယှက်မှု ၃ ကြိမ်ကျူးလွန်ခဲ့သည်ဟု ဝန်ခံ ထွက်ဆိုကြောင်း သိရသည်။

“ကျူးလွန်သူက ကျော်နိုင်ဝင်း(ခ)နိုင်နိုင် ဆိုတဲ့သူ ဖြစ်တယ်။အသက်က ၄၈ နှစ် ဖြစ်တယ်။ သူတို့ကလယ်လုပ်တယ်။ ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာက တစ်ရွာတည်းနေ၊ ခြံချင်းကပ်နေသူဖြစ်တယ်။ ဆွေမျိုးတော်တာတောင်မှ အခု ကျူးလွန်ခံရတဲ့ ကလေးမလေးရဲ့ အဘ (အဘိုး)တော်စပ်သူ ဖြစ်တယ်။ ကလေးမလေးက သူတို့လက်ပေါ်တင် ကြီးလာတာ။ မအေဖြစ်သူဈေးရောင်းသွားရင် ဒီကလေးကို အဲဒီ ဦးလေး၊ အဒေါ်လင်မယားနဲ့ ထားခဲ့တာ။ ကလေးကသူတို့လက်ပေါ်မှာပဲကြီးလာတာ”ဟု အဆိုပါအမှုကို လိုက်ပါ ကူညီနေသူတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီး၍ ရမန်ယူထားတာ ရဲစခန်းမှ တရားရုံးသို့ တရားစွဲတင်ထားပြီး လာမည့် ဇွန်လ ၁၄ ရက်တွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

“အခု ကျူးလွန်တဲ့သူက သမီးသုံးယောက်အဖေပါ။ သူ့မှာမိန်းမလည်း ရှိတယ်။ သမီးသုံးယောက်လုံးက အပျိုတွေချည်းပဲ။ ကျွန်မတူမလေးက သူ့သမီးအငယ်ဆုံးထက်တောင်ငယ်ပါသေးတယ်။ အသက် ၂၀ တောင် တင်းတင်း မပြည့်သေးပါဘူး။ သူတို့ကပိုက်ဆံလည်းရှိတယ်ဆိုတော့ ညှိတာပေါ့။ ပိုက်ဆံနဲ့ညှိတာပေါ့။ ပိုက်ဆံ သိန်း ၂၀၀ ပေးမယ်ပေါ့။ပိုက်ဆံပေးမယ်။ ကျေအေးပေးပါပေါ့။ ကျွန်မတို့က မကျေအေးပေးနိုင်ဘူး။ မကျေအေးနိုင်ဘူး။ သူသည် ခွေးအလုပ်လုပ်တဲ့ဟာကို မကျေအေးပေးနိုင်ဘူး။ မကျေလည်း မကျေနပ်နိုင်ဘူး။ အလျော်လည်း မယူဘူး။ ဥပဒေအတိုင်းပဲ သွားမှာ။ သိန်း ၂၀၀ ကို လျော်ကြေးမယူရင်လည်းနေပေါ့။ ထောင်ကျရင်လည်း ၅ နှစ်ပဲတဲ့။ ဒီကို လျော်ကြေးပေးတဲ့ပိုက်ဆံ သိန်း ၂၀၀ ကိုမယူလို့ နင်တို့ မယူရင်ရတယ်။ နင်တို့မယူရင်ထောင်ကျသွားလည်း ထောင်မင်းသားလုပ်လို့ရတယ်။ ဒီပိုက်ဆံနဲ့ပေါ့။ သူတို့ကအဲ့လိုပြောတာပါ။ ထောင်ကျသွားလည်း ထောင်မင်းသားလုပ်လို့ရတယ်။ နင်တို့မယူလည်းရတယ်တဲ့။ အဲ့လိုမျိုးပြောတော့ တာဝန်ရှိသူအရာရှိတစ်ဦးကပါအဲဒီအတိုင်းပြောလိုက်တော့ ကျွန်မအမကလေ တုန်ပြီးတော့ဘယ်လိုမှသူမခံစားနိုင်ဘူး။ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျပြီးတော့ပေါ့။ နောက်ထပ် တာဝန်ရှိတဲ့တစ်ယောက်ကပါပြောသေးတယ်။ သေလောက်အောင်ဖြစ်သွားတာမှမဟုတ်တာတဲ့။ အဲဒီလိုကပြောသေးတယ်။ မသန်မစွမ်း ထမင်းတောင်ခွံကျွေးပြီးတော့ ဘာမှမသိနားမလည်တဲ့သူလေ။ လူကောင်းကိုလုပ်တယ်ဆိုရင်တောင် ဖြေနိုင်ပါသေးတယ်။ အခု ဗိုက်ထဲက အဲ့ကလေးလေးကိုမွေးရမယ်။ မွေးရမှာပေါ့။ ကလေးက ဗိုက်ထဲမှာ ငါးလကျော်ခြောက်လဖြစ်နေပြီလေ” ဟု ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ အဒေါ်က MT News ၏ ဆက်သွယ် မေးမြန်းချက်ကို ဆက်လက် ပြောပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *