October 19, 2024

၁၀. ၆. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးနှင့်စီးပွားရေးဆိုင်ရာ အားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခဲ့ရပြီး နိုင်ငံ့လူဦးရေ ထက်ဝက်ခန့်သည် လုံခြုံ‌ရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့်တည်ငြိမ်မှုရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက်ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ကြောင်း၊ အဆိုပါအားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အစောပိုင်းကာလများ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြုမှုများဖြစ်ပေါ်ခဲ့ပြီး ထိုမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက် ဖျက်ဆီးမှုများအထိ ဖြစ်ပေါ်လာခဲ့၍ အချို့သောမြိုနယ်များကို စစ်အုပ်ချုပ်ရေး ကြေညာကာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့သောဒေသများ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မည်သည့်နေရာမဆို လွတ်လပ်စွာဖြင့် သွားလာ၍ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကိုရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်ဆောင်ရွက်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *