October 18, 2024

၁၀.၆.၂၀၂၄
Written By Zun

ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၂)တွင် ရှိသော ဘိန်းခန်းများကို KIO/KIA က မီးရှို့ဖျက်ဆီးခဲ့ကာ အိမ်ခြေမဲ့ သုံးစွဲသူ လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဇွန်လ (၈)ရက်တွင် KIA တပ်မဟာ (၉)နယ်မြေရှိ ဥရုခရိုင်၊ ဖားကန့်မြို့နယ်အတွင်းမှ ဆိုင်းဇွပ်မူးယစ်တိုက်ဖျက်ရေးအဖွဲ့များနှင့် KIO မြို့နယ်အုပ်ချုပ်ရေးအရာရှိများ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ အထက်ပါအတိုင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုင်းတောင် ဒေသခံတစ်ဦးက MT News ကို ပြောသည်။

“မူးယစ်ဆေးဝါးကို နှိမ်နင်းတဲ့သဘောလည်းဟုတ်တယ်။ဒီမှာက ခိုးဆိုးလုနှိုက်က ဆေးသမားထဲကပဲဖြစ်တာလေ။ အိမ်တွေဖောက်တာတွေ၊ ဆိုင်ဖောက်တာတွေရှိနေတော့။ ဒါတွေကို အကုန်ပပျောက်အောင် သူကဖိုးသမားတွေ အကုန်လုံးပါဖမ်းသွားတာပါ။ အဲ့ ရည်ရွယ်ချက်နဲ့သူတို့က တိုက်ဖျက်တဲ့သဘောနဲ့ပါ။ လူဦးရေက ၅၀ ပတ်ခြာလည်ပဲရှိမှာပါ။ ရာဂဏန်းတော့မရှိဘူး၊ အကုန်လုံးကအိမ်ခြေရာခြေမဲ့တွေပါ။ အခုဖမ်းတာက KIA ကပါ”ဟု ယင်းက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် လောင်းကစားဝိုင်းများ ယခင်ကထက် ပိုမို များပြားလာပြီး ကျောင်းသားအရွယ် လူငယ်ကလေးများ မူးယစ်ဆေး ကျေးကျွန် ဖြစ်နေကြကြောင်း ဖားကန့်မြို့ နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် နေထိုင်၍ လူမှုကယ်ဆယ်ရေးလုပ်ပရဟိတာ လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ကျော်အောင်က MT News ကို ပြောသည်။

“ဘိန်းခန်းလို့ခေါ်တာက သူတို့ကတရားဝင် ပုံစံမျိုးဖွင့်ထားတဲ့သဘောပါပဲ။ အဲ့မှာ ဈေးဝယ်ရင်းမိုးကာတဲလေးတွေ လက်တန်းထိုးပြီးမှ တချို့မပြန်နိုင်တဲ့သူတွေကခြေသလုံးအိမ်တိုင်သမားတွေက အဲမှာပဲနေတယ်။ အဲမှာပဲသေတယ်။ အဲမှာပဲ ဘယ်လိုပြောရမလဲ။ လုပ်စားတဲ့သဘောပေါ့။ ဒီဘိန်းခန်းကိုမှီပြီးတော့မှ တချို့ကဈေးရောင်းတာရှိတယ်။ ဘိန်းခန်းလာတဲ့ဆိုင်ကယ်စတန်းစောင့်တဲ့ သူတွေရှိတယ်။ အဲလိုလူမျိုးတွေဆိုတော့ ဘိန်းခန်းတွေက ဒီဘက်မှာက တရားဝင်လိုဖြစ်နေတဲ့သဘာပါပဲ။ တချို့ကျောင်းသူ၊ ကျောင်းသားတွေဆိုရင်ဆေးသမားတွေတော်တော်များများဖြစ်တယ်။ ပြီးရင်ဘဝပျက်ကြတယ်။ ပြီးရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ခိုးဆိုးလုနှိုက်တွေဖြစ်တယ်။ မူးယစ်ဆေး အမျိုးအစားက အစုံပါပဲ။ အဲဒီတစ်နေရာတည်းမှာ အကုန်ရပါတယ်။မူးယစ်ဆေးမျိုးစုံအကုန်ရတယ်” ဟု ၎င်းကပြောသည်။

ဖားကန့်ဒေသသည် ယခင်ကတည်းက တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးတွဲရှိနေသည့်ဒေသဖြစ်ပြီး ယခုဖျက်ဆီးသည့်နေရာမှာ ယခင်ကတည်းက KIA ထိန်းချုပ်ကာ လက်ရှိလုပ်ဆောင်မှုမှာလည်း မူးယစ်ဆေးသုံးသူများ ဆေးဖြတ်၍ စစ်မှုထမ်းခိုင်းရန်ကြံရွယ်ကြကြောင်းလည်း သုံးသပ်မှုရှိသည်။

ပြီးခဲ့သည့် မေလ (၃၀)ရက်ကလည်း တာမိုးညဲမြို့နယ်အတွင်း KIA တပ်မဟာ (၆)၊ တပ်ရင်း (၉)တပ်ဖွဲ့ဝင်များ၊ ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များက ဘိန်းဖြူနှင့် စိတ်ကြွဆေးထုပ်များ အပါအဝင် ငွေအမြောက်အမြား ကို ဖမ်းဆီးရမိခဲ့သေးကြောင်း ကချင်ပြည်နယ် အခြေစိုက် လူမှုကွန်ရက် သတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *