October 18, 2024

၁၀. ၆. ၂၀၂၄
Written by Nay Moe

TNLA တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြား အများပြည်သူအသုံးပြုသည့် လမ်းပိုင်းတွင် KIA တပ်ဖွဲ့မှ လမ်းမကြီးကို မြောင်းဖောက်၍ ဖြတ်တောက်ထားသည့်အပြင် လမ်းမပေါ်တွင် ရွှံ့နွံထဲ၌ သံဆူးချွန်များစိုက်ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များ သံဆူး၍ ဘီးပေါက်မှုကြုံနေရသည်။

ဇွန်လ (၇)နေ့မှစ၍ မြန်မာ – တရုတ် ရေနံပိုက်လိုင်းတစ်လျှောက် အများပြည်သူအသုံးပြုသည့် အဆိုပါလမ်းပိုင်းတွင် KIA အဖွဲ့က  ဖြတ်တောက်ထားခြင်းဖြစ်သည်။

ဤလမ်းသည် နမ္မတူ – မိုင်းဘော် – မိုင်းဝီး – နမ့်ခမ်းအထိ ဆက်သွယ်ထားပြီး ဒေသတွင်း ကျေးရွာပြည်သူလူထုများအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တပ်မတော်၏ တင်းကြပ်စွာ စစ်ဆေးမှုကြောင့် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုတော့ဘဲ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းသို့ သွားလိုသည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များ အဆိုပါလမ်း အသုံးပြုလာခဲ့ကြသည်။

ထို့အတူ KIA သွားလာလှုပ်ရှားသည့် မိုင်းဘော်နယ်ထဲတွင် ယခင်ကတည်းကပင် သွားလာသည့် အရပ်သားပြည်သူများကို မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၆- ၂၀၁၇ ခုနှစ်ကပင် TNLA နှင့် RCSS တို့ကြား ထိုဒေသအတွင်း တိုက်ပွဲဖြစ်ပွားချိန်တွင်လည်း RCSS တပ်ဖွဲ့မှ အဆိုပါလမ်းအား သွားလာ၍မရအောင် မြောင်းတူးထားခြင်း၊ ဆူးညောင့်များစိုက်ထားခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဟန့်တားဖြတ်တောက်မှုများ ပြုလုပ်ခဲ့ဖူးသည်။

၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့ ၇ မြို့ခန့်ထိန်းချုပ်လိုက်သည့် မြောက်ပိုင်းသုံးဖွဲ့ဖြစ်သော TNLA ၊ MNDAA နှင့် KIA တို့အကြား နယ်မြေလုနေကြသလို KIA ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း AA၊ TNLA နှင့် MNDAA တို့အား ခွေးသုံးကောင်ဟု ယခုလပိုင်းထဲပင် ကင်ပွန်းတပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *