October 18, 2024

၁၀.၆.၂၀၂၄
Written By Zun

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ပေါ်မှ YBS ယာဉ်များကို ဖြတ်သန်းခွင့်မပြုကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက MT News ကို ယနေ့ ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ပြောသည်။

“တံတားအသစ်ပေါ်က YBS တွေကို ဖြတ်သန်းမောင်းနှင်ခွင့်မပြုပါဘူး။ နဂိုတံတားအဟောင်း ရန်ကုန်-သန်လျင်တံတား အမှတ် (၁) ကပဲ သွားခွင့်ပြုပါတယ်။ တံတားအဟောင်းက ဖြတ်သန်းတဲ့အခါ နဂိုအတိုင်း ဖြတ်သန်းခွင့်မကောက်ခံပါဘူး။ ဖြတ်သန်းလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီဘက်က ယာဉ်ကြောကတော့ ပိတ်တတ်တာမျိုးတော့ ရှိမှာပါ”ဟု ယင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသော ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ်- ၃ ကို ဇွန်လ ၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီးနောက် ဖွင့်လှစ်သည့်နေ့မှ ဇွန်လ ၁၅ ရက်ထိ အခမဲ့ဖြတ်သန်းခွင့် ပေးထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် YBS ယာဉ်လိုင်း ၁၃၀ ခန့်၏ ယာဉ်စီးရေ ၃၆၉၆ စီးမှ စုစုပေါင်း ခရီးသည် တစ်သန်းခွဲခန့် သွားလာရေးအဆင်ပြေစေရန် ဝန်ဆောင်မှုပေးနေကြောင်း YRTC ၏ စာရင်းများအရ သိရသည်။

ရန်ကုန်-သန်လျင်တံတား အမှတ် (၁) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ပေးထားသော တံတားဖြစ်ပြီး တရုတ်-မြန်မာချစ်ကြည်ရေးတံတားအဖြစ် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ ၁၉၈၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့သော တံတား ဖြစ်သည်။

၅၉၇၇ ပေ ရှည်လျား၍ ၆၇ ဒသမ ၂၄ ပေအကျယ်ရှိကာ တံတားအလယ်ဗဟိုတွင် ရထားလမ်းရှိပြီး ရထားလမ်း၏ လက်ဝဲ လက်ယာတွင် တစ်လမ်းသွားကားလမ်းပါ တံတားကြီးဖြစ်ကာ စတင်ဖွင့်လှစ်ချိန်မှ ယနေ့ထိ မီးရထားလမ်းနှင့် ကားလမ်း အသုံးပြုနေရဆဲ တံတားကြီးတစ်စင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၈ ရက်က ဖွင့်လှစ်ခဲ့သော ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ၏ တံတားဖြတ်သန်းခကို ဇွန်လ ၁၆ ရက်တွင် စတင်ကောက်ခံမည်ဖြစ်ရာတွင် လူအပါအဝင် နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြု၍ Mobile Pay စနစ်ဖြင့် ကောက်ခံသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

တံတားအသစ်ပေါ်မှ ဖြတ်သန်းခအဖြစ် အိမ်စီးအပါအဝင် ၃(ယာဉ်+ကုန်) တန်အောက်ယာဉ်များကို ၅၀၀ ကျပ်၊ ခရီးသည် တင်ယာဉ်(ငယ်) (ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ကင်တာ) ၆ တန်(ယာဉ်+ကုန်)ထိယာဉ်များကို ၁၀၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်(လတ်+ကြီး) ဟီးနိုး၊ ဟွန်ဒိုင်း အပါအဝင် ၂၁ တန် (ယာဉ်+ကုန်) ထိယာဉ်များကို ၂၀၀၀ ကျပ်၊ ကုန်တင်ကား (ငယ်) ၆ ဘီး၊ ၈ ဘီး၊ ကုန်တင်ယာဉ်အပါအဝင် ၂၁ တန် (ယာဉ်+ကုန်) ထိ ယာဉ်များကို ၄၀၀၀ ကျပ် သတ်မှတ်၍ တန်ပိုဒဏ်ကြေး ၁၂၀၀၀ ကျပ်၊ ကုန်တင်ယာဉ်(ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကား အပါအဝင် ၃၄ တန် (ယာဉ်+ကုန်) ထိ ကို ဖြတ်သန်းခ ၁၂၀၀၀ ကျပ်နှင့် တန်ပိုဒဏ်ကြေး ၂၂၀၀၀ ကျပ်၊ ကုန်တင်တွဲကား ၁၈ ဘီး၊၂၂ ဘီး၊ တွဲကား အပါအဝင် ၅၀ ဒသမ ၅ တန် (ယာဉ်+ကုန်) ထိကို ၂၂၀၀၀ ကျပ်နှင့်တန်ပိုဒဏ်ကြေး ၆၆၀၀၀ ကျပ်၊ ကုန်မပါသော ကုန်တင်တွဲကားယာဉ်များ (ခါလီ) ကို ၄၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)၏ သက်သာသည့်ချေးငွေဖြင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကိုတည်ဆောက်ရာတွင် အခြားတံတားဒီဇိုင်းများနှင့် မတူစေဘဲ ရန်ကုန်မြို့၏ အထင်ကရအမှတ်အသား(Landmark) ဖြစ်စေရန် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) Steel Box နှင့် PC Box အမျိုးအစားအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့်ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့သောကြောင့် ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားတည်ဆောက်ပြီးစီးရန် လုပ်ဆောင်ခဲ့ရကြောင်းလည်း တံတားဖွင့်သည့်နေ့က နစက ဥက္ကဋ္ဌက ပြောကြားခဲ့သေးသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ထိန်းသိမ်းရာတွင် ဒေသခံများကလည်းစောင့်ရှောက်ပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

အဆိုပါတံတားအရှည်မှာ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေရှိပြီး အကျယ် ၇၅ ပေရှိ ၄ လမ်းသွား တံတားဖြစ်ကြောင်း၊ ယင်းအပြင် တံတားတစ်ဘက်လျှင် Safe Zone ၅ ပေစီပါရှိကာ ရေလမ်းကင်းလွတ်အမြင့် ၄၃ ပေ၊ အကျယ်မှာ ၇၃၅ ပေ၊ ခံနိုင်ဝန် ယာဉ်တစ် စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *