October 23, 2024

ဖမ်းဆီးရမိသည့် မူးယစ်ဆေး၊ လက်နက်နှင့် ယာဥ်အပါအဝင် တရားခံ ရှစ်ဦးကိုတွေ့ရစဥ်

MT News
၂၂. ၁၂. ၂၀၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိပြီးနောက် စစ်ဆေးဖော်ထုတ်ရာ ကွင်းဆက်အရ မြဝတီမြို့တွင် ပစ္စတို၊ AK-47 အပါအဝင် သေနတ် ၃၈ လက်နှင့် ကျည်များ၊ မူးယစ်ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၂လမ်းနှင့် ၆၀(ဂ) လမ်းထောင့်တွင် သတင်းအရ ဇွန်ကိုလတ်နှင့် မခင်လဲ့ရည်ဖြိုး(ခ)နန်းမိငယ်တို့အား ရှာဖွေရာ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းသိမ်းဆည်းရမိခဲ့သည်။ ထို့နောက် နံနက် ၁၀ နာရီအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စာတိုးကျေးရွာရှိ ၎င်းတို့၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ တည်းခိုခန်းကို ဝင်ရောက်ရှာဖွေရာ စိုင်းလောင်ခမ်း(ခ)ဝမ်ရှီတာ(ခ)ဝတုတ်၊ နေထွန်းလှ(ခ)အိုက်ရင်၊ အောင်ကိုထွေး (ခ)ကိုစိုင်းနှင့် ကျင်ချန်း(ခ)လီကျင်ချန်း တို ၄ ဦးအား ပစ္စတိုသေနတ် ၁၉ လက်၊ ၎င်းကျည်အိမ် ၂၄ ခု၊ AK-47 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 MM ကျည် ၁၆ တောင့်နှင့် LEXUS မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

ထိုသူများကို ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဓနလမ်းရှိ အဟုန် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ရဲထက်ကျော်(ခ)ကျန်ချင်ဟိန်း နှင့် ဟိန်းဆွေ(ခ)ကွမ်ထုန်(ခ)ကတုံး တို့ ၂ ဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုညဒသမ ၉ ကီလို၊ ၁၂ ဗိုသေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ကာဘိုင် ၄ လက်၊ AK-47 ၉ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ပစ္စတိုအသံတိတ်ကိရိယာ ၃ ခု၊ ဆက်စပ်ကိရိယာများနှင့် ကျည်မျိုးစုံ ၂၂၀၀ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့လည်းကောင်း၊ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများအား ကရင်ပြည်နယ်၊ မြဝတီမြို့မှ ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့လည်းကောင်း သယ်ဆာင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတိုရှစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *