October 18, 2024

၁၀.၆.၂၀၂၄
Written By Thandar

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်မှာ ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေကို ပညာသင်စရိတ်ထောက်ပံ့ဖို့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို အနုပညာလောက က ဝိုင်းဝန်းလှူဒါန်းလျှက်ရှိပါတယ်။

“ကျွန်တော်တို့ နှစ်စဥ်လည်း အစည်းအရုံးအနေနဲ့ ကိုယ့်လောကသားတွေရဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးခဲ့တယ်။ ဒီနှစ်လည်း ပါဝင်လှူဒါန်းကြတဲ့ သူတွေများရင်တော့ ကလေးတွေလည်း ပစ္စည်း စုံစုံလင်လင်ရတာပေါ့။ အနုပညာရှင်တွေရဲ့ ကလေးတွေရဲ့ သန်းခေါင်စာရင်း (မိတ္တူ)ရယ်၊ အစည်းအရုံးဝင် ကတ်မိတ္တူ၊ ကျောင်းထောက်ခံချက် မူရင်းပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျောင်းအပ်နှံထားတဲ့ ပြေစာ(မိတ္တူ) ပေးရမယ်၊ ဒီကလေးကို သေချာထောက်ပံ့ပေးမှာပါ။ တချို့ကလည်း ကျောင်းထောက်ခံချက်လေးတွေ မပြည့်စုံသေးတာလေးတွေရှိနေတာပေါ့။ လျှောက်ထားသူတွေအနေနဲ့ ဇွန်လ ၁၄ ရက် နောက်ဆုံးထားလျှောက်ဖို့လည်း တိုက်တွန်းချင်ပါတယ်၊ ကိုယ့်လောကသားအချင်းချင်းအပြင် အပြင်ဘက်က စေတနာရှင်တွေလည်း လှူလာကြတယ်၊ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။

အဆိုပါအစည်းအရုံးကို ပါဝင်လှူဒါန်းထားတဲ့ သူတွေကတော့ Weflex ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ်၂ သိန်း၊ ကိုအောင်မင်းထွန်းနဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ကျပ် ၃ သိန်း၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွှတ်ရေးအဖွဲ့(ဗဟို)က ကျပ် ၄ သိန်း၊ The Rays Group က ကျပ် ၃ သိန်း၊ သရုပ်ဆောင်စိုးရန်အောင်နဲ့ သက်သခင်တို့ မိသားစုက ကျပ် ၂ သိန်း၊ Laurel Film ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၂ သိန်း၊ ဒါရိုက်တာ စိုးမိုးမင်းက ကျပ်၂ သိန်း၊ အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့မိသားစုက ကျပ် ၁ သိန်း၊ သရုပ်ဆောင် ဆောင်းယွန်းစံက ကျပ် ၃ သိန်း၊ သာကေတမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ ခွဲက ကျပ် ၃ သိန်း၊ ပဲခူးတိုင်းဗီဒီယိုအခြေခံအဖွဲ့က ကျပ် ၂ သိန်း၊ အောင်သီရိရုပ်ရှင်က ဦးသိန်းရွှေက ကျပ် ၁ သိန်း၊ သရုပ်ဆောင် မေပန်းချီက ကျပ် ၂ သိန်း၊ ဦးကျော်အေးမြင့် (လက်ရွေးစဥ်ဆန်ရောင်းဝယ်ရေး)က ကျပ် ၁ သိန်း စသဖြင့် ပါဝင်လှူဒါန်းထားကြပါတယ်။

ဒီအလှူငွေတွေနဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေကို ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဝင်တွေမှာ ကျောင်းတက်ရောက်သူ ကလေးဦးရေ ၁၀၀ ကျော်ခန့်ရှိပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ်က ကျောင်းသားကျောင်းသူပေါင်း ၁၇၀ နီးပါးကိုလည်း လိုအပ်တာတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *