၁၀.၆.၂၀၂၄
Written by Thiri
ပြည်တွင်း Online အရောင်းအဝယ်စျေးကွက်အပါအဝင် အွန်လိုင်းအသုံးပြုပညာရေးသင်တန်း ဖွင့်လှစ်သူနေသူတွေအတွက် Facebook လူမှုကွန်ယက် platform အသုံးချလို့မရတော့ရင် တခြားပြည်တွင်းမှာအသုံးပြုနေတဲ့ Network တွေဆီ ကြိုတင်ချိတ်ဆက်ထားနိုင်ဖို့ လိုအပ်တယ်လို့ လက်မှုပညာနဲ့ပတ်သက်လို့ အွန်လိုင်းကနေသင်ကြားရေးလုပ်ငန်းကိုဆောင်ရွက်နေသူတစ်ဦးက MT News ကို ပြောပါတယ်။
ဒီရက်ထဲ လူမှုကွန်ယက်စာမျက်နှာ Facebook အသုံးပြုရာမှာ ပိုမိုခက်ခဲလာနေပြီး SAC အစိုးရအာဏာထိန်းစအချိန်က ဖေ့စ်ဘုတ်ကို နိုင်ငံတွင်းအသုံးပြုခွင့် ဖျက်ချထားတဲ့အတွက် VPN App တွေအသုံးပြုကာ proxy ကျော်ပြီး အသုံးပြုခဲ့ကြတာပါ။ အခုအခါ ပြီးခဲ့တဲ့မေလကုန်ပိုင်းစပြီး VPN Application အသုံးပြုရာမှာ အခက်အခဲတွေဖြစ်လာပြီး ပြည်တွင်းမှာ လူသုံးများတဲ့ 1.1.1.1၊ VPN Proton၊ VPN Proxy Master စတဲ့ app တွေနဲ့ ချိတ်ဆက်အသုံးပြုရာမှာ အဆင်မပြေမှုတွေ ဖြစ်လာပြီး online လုပ်ငန်းတွေ ပုံမှန်လုပ်ကိုင်နိုင်ဖို့ ခက်ခဲလာတဲ့အခြေအနေဖြစ်နေတာပါ။
မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာသူ ဦးသက်ဇော်က “VPN ဖုန်းထဲတွေ့ရင် ဖမ်းမယ်ဆီးမယ် ဆိုတာကတော့ ဒါ ကောလာဟလလို့ ကျွန်တော်ထင်တယ်။ မဖြစ်နိုင်ဘူး။ Ban တယ်၊ ပြည်ပက နည်းပညာသမားတွေ ရောက်နေတယ်၊ ဒါတွေတော့ ကြားတယ်။ အခုက လိုင်းတွေကကို နှေးနေတာ Viber တို့ Telegram တို့ သုံးရတာတောင် အဆင်မပြေဘူး။ အစိုးရအနေနဲ့ အခုလို ပိတ်ပင်တာက အွန်လိုင်းလိမ်လည်မှုတွေနဲ့ သတင်းအမှားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ချင်တာ၊ ခြောက်လုံးသုံးပြီး အစိုးရနဲ့ပြည်သူကြား ခြောက်လှန့်စားတဲ့ လူတန်းစားတစ်ရပ် သပ်သပ်ရှိနေတယ်။ နောက်တစ်ခု အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ အထိနာမယ်၊ မှန်ပါတယ်။ သူတို့လည်း ဒီplatform မှာပဲရှိနေတော့ ထိခိုက်မယ့်အထဲ ပါကြတာပေါ့။ ဒါပေမယ့် ဒီ online စီးပွားရေးကနေ တိုင်းပြည်က အခွန်ရသလား၊ ပြည်သူအဆင်ပြေဖို့ အဓိကဆိုပေမယ့် အဆင်ပြေတာတစ်ခုပဲ ကြည့်လို့မရဘူး၊ Online register လုပ်ခိုင်းတယ် ဘယ်လောက်များများ လုပ်ကြလဲ၊ ဒါတွေလည်းရှိတာပေါ့ အစိုးရအနေနဲ့ စဥ်းစားရတာ ဘောင်ကျပ်တဲ့ အနေအထား ဖြစ်နေတယ် ´´လို့ သူ့အမြင်ကို MT News ကို ပြောပါတယ်။
“ပြည်တွင်းက Online အသုံးပြု စီးပွားရေးလုပ်ကိုင်နေသူတွေအနေနဲ့ ဒီလူမှုကွန်ယက်စာမျက်နှာကသာ အချက်အလက် အများဆုံးပေးနိုင်တာမို့ အခြားကွန်ယက်တွေဖြစ်တဲ့ TikTok, Telegram, Viber စတဲ့ ပြည်တွင်းအသုံးပြုမှုများတဲ့ ကွန်ယက်တွေထက် ပိုမိုအားထား အသုံးချကြတာပါ။ FB မှာ Boost လုပ်ပြီးကြော်ငြာတာက အခြားနည်းအသုံးပြုကြော်ငြာတာထက် ပိုမိုထိရောက်ပြီး ကိုယ့်လုပ်ငန်းကို လူသိများဖို့ လွယ်ကူစေတာ၊ လိုချင်တဲ့ Target အမြန်ရောက်နိုင်တာ စတဲ့ အခြားဆက်သွယ်ရေး ကွန်ယက်တွေထက် အားသာချက်တွေလည်း ရှိသလို၊ ကျားဖြန့်လို အွန်လိုင်းလိမ်လည်မှု ဂိုဏ်းတွေ၊ ကာစီနို အပါ အဝင် အွန်လိုင်းကနေ ငွေချေးငှားတဲ့ လုပ်ငန်းတွေကြောင့် စီးပွားပျက်သူ ဘဝပျက်သူတွေလည်း များစွာရှိလာတဲ့ အခြေ အနေတွေနဲ့ အကောင်းအဆိုး ဒွန်တွဲနေမှုတွေလည်း ရှိနေတာပါ”လို့ ဆက်ပြောသွားခဲ့ပါတယ်။
လက်မှုပညာနဲ့ပတ်သတ်လို့ အွန်လိုင်းကနေ သင်ကြားရေးလုပ်ငန်းကိုဆောင်ရွက်နေသူတစ်ဦးက “အခု ကျွန်တော်လုပ်နေတဲ့ ပုံစံကိုအကြံပေးရရင် ကျွန်တော်တို့ ဒီပလက်ဖောင်းပေါ် ရေရှည်ရပ်တည်ဖို့က စဥ်းစားရပြီမို့ ကျွန်တော်ကတော့ နက်ဝပ်ဂ် ထပ်ချဲ့ဖို့ထက် ရှိပြီးသား အဆက်အသွယ်တွေကိုပဲ အခြားကျွန်တော်ရဲ့ တယ်လီဂရမ်၊ ဗိုက်ဘာစတဲ့ ကွန်ယက်တွေဆီကို ရွှေ့ထားတယ်။ ကွန်ယက်တစ်ခုပေါ်လာတာနဲ့ အသုံးပြုအကောင့်ဖွင့်တဲ့ အကျိုးပေါ့။ အခုမှ စလုပ်မယ့်သူတွေလည်း နောက်တော့ မကျသေးဘူး ကြိုးစားကြည့်စေချင်ပါတယ်။ ဒီပလက်ဖောင်းကနေတော့ အခုအချိန်ထိ ရသလောက် ကြေညာပြီး တစ်ခြား ကွန်ယက်မှာ ကာစတန်မာ စုပေါ့။ FB လိုတော့ နေ့စဥ် အဆက်အသွယ်တွေ တိုးချင်မှ တိုးလိမ့်မယ်။ ဒါပေမယ့် ရှိပြီးသားတော့ မပျောက်ဘူးပေါ့။ ဒီလိုတော့ အကြံပြုချင်ပါတယ် ´´ လို့ MT News ကို ပြောပါတယ်။
ဒါကတော့ Facebook နဲ့ပတ်သက်လို့ သတင်းတွေအမျိုးမျိုး ထွက်ပေါ်နေမှုအပေါ်အသုံးပြုသူတစ်ချို့ ရဲ့ သုံးသပ်ချက်အမြင်လေးတွေပါ။