October 23, 2024

၁၀.၆.၂၀၂၄.
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်ထောင်စုနယ်မြေ၏ ရီဆီမြို့ (Reasi) အတွင်းတွင် ဘုရားဖူးများကိုသယ်ဆောင်လာသောဘတ်စ်ကားတစ်စီးအား အကြမ်းဖက်များက ဇွန်လ ၉ ရက် ညနေ ၆း၁၅ နာရီတွင် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ဘုရားဖူး ကိုးဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရီဆီမြို့၏ ရဲတပ်ဖွဲမှူး မိုဟီတာရှာမာက “စစ်သွေးကြွအကြမ်းဖက်တွေက ဘတ်စ်ကားလာတဲ့လမ်းမှာ စောင့်ဆိုင်းပစ်ခတ်ခဲ့ကြတယ်လို့ သတင်းရတယ်။ ကားက ရှိဗ်ပူရီမြို့ကနေ ကာထရာမြို့ကိုမောင်းလာတာပါ။ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းလည်း ကားကိုမထိန်းနိုင်တော့ဘဲ ချောက်နက်ထဲကို ထိုးကျသွားခဲ့တယ်။ အခု ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးပါပြီ။ ပစ်ခတ်မှုအတွင်း စုစုပေါင်း ကိုးဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပါတယ်။ ဘတ်စ်ကားပေါ်ပါသူတွေအားလုံးက ဒေသခံတွေတော့မဟုတ်ကြဘူး။ ဒါပေမယ့်မည်သူမည်ဝါလို့တော့ အတည်ပြုမပြောနိုင်သေးဘူး။ အတ်တာပရာဒက်ရှ်ပြည်နယ်က ဖြစ်ဖို့တော့များတယ်” ဟု ပြောကြားခဲ့သည်။

ဒေသအတွင်း စစ်သွေးကြွတို့၏လှုပ်ရှားမှုများ တိုးပွားလာနေသလားဟု မေးမြန်းရာတွင် ယခုဖြစ်ပွားသောပစ်ခတ်မှုမှာ စစ်သွေးကြွတို့၏ လှုပ်ရှားမှုတစ်ရပ်ပင်ဖြစ်ကြောင်း၊ ထို့အတွက် အထူးသတိရှိနေပါကြောင်း၊ ရှိဗ်ပူရီမြို့ ဟိန္ဒူဘုရားရှိခိုးကျောင်းကိုလည်း လုံခြုံမှုအတွက် အထူးပြုလုပ်ထားကြောင်း၊ အခြားနေရာများတွင်လည်း အလားတူဆောင်ရွက်ထားကြောင်း၊ ဒေသတွင်း လုံခြုံရေးလွှမ်းမိုးမှုရှိစေရန် အထူးဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သည်။

ဒေသခံများက စစ်သွေးကြွနှစ်ဦးမှာ မျက်နှာဖုံးများဝတ်ဆင်ကာ ဘတ်စ်ကားကိုပစ်ခတ်ခဲ့ကြပြီး ယာဉ်မောင်းနှင့်ခရီးသည်များကိုပါ ထိမှန်ကြောင်းပြောခဲ့ကြသည်။ ဒေသခံများက သေဆုံးသူများအနက် သုံးဦးသာ ကျည်ထိမှန်သေဆုံးခြင်းဟုပြောကြသော်လည်း တာဝန်ရှိသူများက အလောင်းများကိုခွဲစိတ် စစ်ဆေးမှုပြုပြီးမှသာ အတည်ပြုနိုင်မည်ဟုပြောခဲ့သည်။
Ref——–Indian Express

Leave a Reply

Your email address will not be published. Required fields are marked *