October 23, 2024

၁၀. ၆. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ရွှေဈေးတွက်ချက်မှုအခြေအနေများကို ခေါ်ယူမေးမြန်းခဲ့ပြီးနောက် YGEA ၏ သတ်မှတ်ရွှေဈေးကို ယနေ့တွင် ၄,၆၅၅,၀၄၇ ကျပ်သို့ လျှော့ချသတ်မှတ်ခဲ့သည်။

ဝိသမလောသမားများ၏ ရွှေနှင့်ဒေါ်လာဈေးနှုန်းများကို ဈေးနှုန်းဆွဲတင်ကစားခဲ့မှုကြောင့် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်အတွင်း ရွှေဈေးနှုန်း ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့၍ ဇွန်လ ၂ ရက်တွင် ဈေးနှုန်းဆွဲတင်ခဲ့သူ ရွှေဆိုင်ပိုင်ရှင်တစ်ချို့နှင့် ပွဲစားများအား အရေးယူများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပြီးနောက် ရွှေဈေးနှုန်း ကျပ် ၃၅၀,၀၀၀ ချက်ချင်းကျဆင်းခဲ့သည်။

ယင်းကဲ့သို့ ဈေးနှုန်းကျဆင်းခဲ့သည့်အချိန်၌ပင် ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်မှ ကျပ် ၄၁ သိန်းကျော်အထိ တိုးမြှင့်သတ်မှတ်ထားပြီးဖြစ်သည့် သတ်မှတ်ရည်ညွှန်းဈေးအား ကျပ် ၈ သိန်းခွဲခန့်အထိ ဆွဲတင်ကာ ကျပ် ၄,၈၇၁,၀၀၀ အထိ YGEA က တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခြေအနေများကြောင့် ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့အား SAC က ခေါ်ယူထိန်းသိမ်းထားပြီး ရွှေအသင်း၏ YGEA Facebook တွင် ဈေးနှုန်းသတ်မှတ်ခြင်းများကိုလည်း တပ်မတော်က ကြီးကြပ်တင်ခိုင်းနေကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ် လာခဲ့ပြီးနောက် သက်ဆိုင်ရာက ခေါ်ယူထိန်းသိမ်းခြင်း မဟုတ်မှန်ကြောင်းနှင့် ရွှေဈေးတွက်ချက်မှု အခြေအနေများကို ခေါ်ယူမေးမြန်းခြင်းသာဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် နီးစပ်သူတစ်ဦးက MT News ကို ယမန်နေ့က ပြောခဲ့သည်။

ယင်းကဲ့သို့ YGEA ၏ တာဝန်ရှိသူများအား ရွှေဈေးနှုန်း သတ်မှတ်မှုအခြေအနေအား ခေါ်ယူစစ်ဆေးပြီးနောက် ယနေ့တွင် ကျပ် ၄,၆၅၅,၀၄၇ သို့ လျှော့ချသတ်မှတ်ကာ ၎င်းတို့ဆွဲတင်ခဲ့သည့် ဈေးနှုန်းထက် ကျပ် ၂၁၀,၀၀၀ ကျော် ပြန်လည်လျှော့ချခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်တွင်းရွှေဈေးနှုန်းသည် ရွှေဈေးဆွဲတင်သည့် ဝိသမလောဘသမားများကို စတင်ရေးယူခဲ့သည့်အချိန်၌ပင် ဈေးနှုန်းကျဆင်းမှုရှိပြီး လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၂ သိန်းကျော်ဖြင့် ဆက်လက်ရောင်းချနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *