October 23, 2024

၁၀. ၆. ၂၀၂၄
Written by Nyein Kyaw

တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းနှင့် သဘာဝဘေးမုန်တိုင်းဒဏ်များကြောင့် ကုန်သွယ်ရေး ပုံမှန်မဆောင်ရွက်နိုင်သည့်အပြင် မြဝတီနယ်သို့ သွင်းကုန်လိုင်စင်ချပေးမှု နည်းနေခြင်းကြောင့် ယခုဘဏ္ဍာနှစ်အစ နှစ်လတွင် မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၃၀ ကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လအတွင်း မြဝတီနယ်စပ်ကုန်သွယ်မှု မှာဒေါ်လာ ၄၉၅ ဒသမ ၀၀၄ သန်းသာရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၈၂၉ ဒသမ ၆၂၂ သန်း အထိရှိခဲ့၍ ယခုဘဏ္ဍာနှစ် နှစ်လတွင် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၃၄ ဒသမ ၆၁၈ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း သွင်းကုန်တင်သွင်းမှု ဒေါ်လာသန်း ၂၉၀ ကျော်အထိ လျော့ကျခဲ့ပြီး ပို့ကုန်တင်ပို့မှု ဒေါ်လာ ၄၄ သန်းကျော် လျော့ကျခဲ့သည်။

“ကုန်သွယ်မှုက ပုံမှန်ပဲ။ ဒါပေမဲ့ သွင်းကုန်လိုင်စင်ကတော့ တောက်လျှောက်ကို မြဝတီဘက်ကို သိပ်မချတော့ လိုင်စင်ကျတာနည်းတယ်။ အဲဒါကတော့ အခက်အခဲဖြစ်နေတာပေါ့။ ပို့ကုန်ကလည်းကျတယ်။ ဘာလို့လည်းဆိုတော့ ဒီလမ်းမှာ ပို့ကုန်တွေက ပုပ်သိုးကုန်တွေများတယ်။ လမ်းတွေက ပိတ်ပြီဆို တစ်ပတ် ၁၀ ရက် ကြာတတ်တာကြောင့် မိုးလည်းရွာတာဆိုတော့ ဥပမာ ကြက်သွန်တို့၊ ငရုတ်တို့ဆို မှိုတက်လွယ်တာရယ်။ ရေစိုမခံတာတွေရယ်ကြောင့် ရပ်ထားတာတွေရှိတယ်” ဟု မြဝတီနယ်စပ်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေး မြဝတီ-ကော့ကရိတ် (အာရှလမ်းမကြီး) ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ခဲ့ပြီး လက်ရှိတွင် မြေသားလမ်းလမ်းဖြစ်သည့် တောလမ်းတောင်တက်လမ်းကိုသာ အသုံးပြုနေရခြင်းဖြစ်သည်။

အဆိုပါ မြေသားတောင်တက်လမ်းပိုင်းမှာလည်း ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်တွင်း ဖြစ်ပေါ် ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများကာ လမ်းချော်သဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ခေတ္တရပ်နားခဲ့ရသည်။ လက်ရှိတွင် ကုန်သွယ်မှုပုံမှန်ဆောင်ရွက်နိုင်ပြီဖြစ်သော်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အရှိန်ကြောင့် လမ်းများပျက်စီးနေသဖြင့် ကြန့်ကြာမှုများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *