၂၂. ၁၂. ၂၀၂၂
Written by Pan Ei
Avatar 1 ပြီးနောက် ၁၃ နှစ်အကြာမှာ ထွက်ရှိလာတဲ့ နာမည်ကျော် ဒါရိုက်တာကြီး ဂျိမ်းကင်မရွန်း ရဲ့ Avatar 2: The Way of Water ဇာတ်ကားသစ်ကို ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ကာ ရုံတင်ပြသနေတာဖြစ်ပြီး လက်မှတ်တွေဟာဆိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောင်းအားကောင်းလျက်ရှိသလို အဆိုပါ Avatar 2 ကို ရုပ်ရှင်ရုံမှာ ကြည့်ရှုနေစဉ် အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ဦးဟာ နှလုံးဖောက်ပြီး သေဆုံးသွားခဲ့မှုလည်း ဖြစ်ပွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တောင်ပိုင်း ကာကီနာဒါ ခရိုင်မှာ လက်ခ်ရှ်မိုင်ရီဒီ စရီနူလို အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ Avatar 2 ကြည့်နေစဉ် ရုပ်ရှင်ရုံတစ်ခုအတွင်း လဲကျမေ့မျောခဲ့ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ စရီနူ ဟာ ညီဖြစ်သူနဲ့အတူ လာရောက်ကြည့်ရှုခဲ့တာ ဖြစ်ပြီး ပြသချိန် သုံးနာရီကျော်ကြာမြင့်တဲ့ အဆိုပါ ရုပ်ရှင်ပြသနေစဉ် အတွင်းမှာ လဲကျ မေ့မျောခဲ့တာကြောင့် ပက်ဒပူရမ် အစိုးရဆေးရုံကို ပို့ဆောင်ပြီးနောက် ဆရာဝန်တွေက သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။ လဲကျချိန်မှာ စရီနူဟာ သွေးလည်း တိုးနေခဲ့ပြီး သေဆုံးစေခဲ့တဲ့ အကြောင်းရင်းတစ်ခုဟာ ‘စိတ်လှုပ်ရှားမှုကြောင့် နှလုံးခုန်ရပ်သွားခြင်း ဖြစ်နိုင်တယ်’လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
အဆိုပါအမျိုးသားသေဆုံးရတဲ့ ဖြစ်စဉ်အပေါ် အက်စတာ စီအမ်အိုင် ဆေးရုံမှ ဒေါက်တာ ပရာဒက် ကူမာဒီ က “ဒါဟာ စိတ်လှုပ်ရှားမှုကြောင့် ပုံမှန်မမှန်တဲ့ သွေးကြောတွေ ပေါက်ထွက်လာတာ ဖြစ်နိုင်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတွေ၊ စိတ်ခံစားမှု အခြေအနေတွေမှာ ဒီလိုသေဆုံးမှုမျိုးတွေ ဖြစ်တတ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Avatar ဇာတ်ကားကို ကြည့်ရှုရင်း လူသေဆုံးရခြင်းက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ Wion News ရဲ့ ဖော်ပြချက်အရ ၂၀၁၀ ပြည့်နှစ်တုန်းက ထိုင်ဝမ်မှာလည်းအသက် ၄၂ နှစ်အရွယ် သွေးတိုးရောဂါ ရှိတဲ့ အမျိုးသားတစ်ဦးဟာလည်း Avatar 1 ကို ကြည့်ရှုစဉ် အလွန်အမင်းစိတ်လှုပ်ရှားမှုကြောင့် နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
Ref; The Independent