October 23, 2024

မြဝတီ- ဝေါလေလမ်းပေါ် တံတားတစ်စင်း၏ချည်းကပ်မြေသားလမ်း ပြိုကျနေ၍ တံတားဖြတ်သန်း​မရ

၁၀.၆.၂၀၂၄
Written By Zun

မိုးသည်းထန်၍ ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့တွင် ရေကြီးရေလျှံ ဖြစ်နေပြီး မြဝတီ – ဝေါလေ လမ်းပေါ်တံတားတစ်စင်း ချည်းကပ်မြေ သားလမ်းပြိုကျကာ တံတားပေါ်မှ ဖြတ်သန်းသွားလာ မရတော့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဇွန်လ ၈ ရက် နံနက်ပိုင်းမှစတင်ရွာသွန်းခဲ့သည့် သည်းထန်သော မိုးကြောင့် ယမန်နေ့ ဇွန်လ ၉ ရက် နံနက်ပိုင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားဆဲ ဖြစ်ကြောင်း သိရသည်။

“မြဝတီ – ဝေါလေ လမ်းပိုင်းရဲ့ တံတားချည်းကပ်မြေသားလမ်းပြိုကျသွားပြီ။ လောလောဆယ် အဆက်အသွယ် ပြတ်နေပါတယ်။ မြဝတီ ဝေါလေ လမ်းပိုင်းက မဲ့ထော်သလေး KK Park စီမံကိန်း တရုတ်ဆိုတ်ထဲ သွားတဲ့ လမ်း ပိုင်းပေါ့။ မဲ့ထော်သလေးရွာထိပ် BGF မိုးကျော်ဂိတ်ရှေ့၊ အများအခေါ်ကတော့ မီးလောင်ချောင်းတံတားလို့လည်း ခေါ်တာပေါ့။ တံတားချည်းကပ်မြေသားကျောက်ခင်း ကတ္တရာလမ်းပိုင်း ချောင်းရေ ထိုးဆင်းလို့ ပျက်စီးပြီ။ တံတားပေါ်ကလုံး၀ ဖြတ်သွားလို့ မရတော့ဘူး။ အချိန်မီပြင်ဖို့ သက်ဆိုင်ရာလူကြီးတွေကတော့ လုပ်နေကြတယ်”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။

လတ်တလောတွင် မြဝတီမြို့ပေါ်ရှိ အဓိကလမ်းမကြီးအချို့နှင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ လမ်းများရေကြီးရေလျှံဖြစ်ပေါ် နေကာ ချောင်းရေ ရေစီးနှုန်းအလွန်မြန်ဆန်သောကြောင့် သတိထားသွားလာကြရန်လည်း လူမှုကူညီရေးအဖွဲ့ များက သတိပေးနေကြောင်းလည်း သိရသည်။

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့တွင် နှစ်စဉ်နှစ်တိုင်း သောင်ရင်းမြစ်ရေ မြင့်တက်ခြင်းကြောင့်လည်း အနိမ့်ပိုင်း ရပ်ကွက်များနှင့် မြစ်ကမ်းနံဘေးရှိသော နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာချက်အရ ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၆ နာရီခွဲအချိန်တွင် သောင်ရင်းမြစ်ရေအမှတ်မှာ ၇၆၅ စင်တီမီတာ သို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၂၅၁ စင်တီမီတာမြင့်တက်လာကာ မြဝတီမြို့၏ စိုးရိမ်ရေမှတ် ၉၆၃ (စင်တီမီတာ) သို့ မကြာမီ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- CJ
ပုံစာ- ယမန်နေ့ ဇွန်လ ၉ ရက် နံနက်ပိုင်းက မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့တွင် ရေကြီးရေလျှံဖြစ်နေသည်ကို မြင်တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *