October 23, 2024

MT News
၉.၆.၂၀၂၄

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း(Jurisdictions under increased monitoring)မှ စိစစ်ဆောင်ရွက်မှုပြုရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသောနိုင်ငံနှင့်ဒေသများစာရင်း (High-Risk Jurisdictions subject to a call for Action)သို့ ပြောင်းရွှေ့ထည့်သွင်းခြင်းခံရမှုအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံ၏ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်တိုးတက်မှုများရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)၏ အကြံပြုချက်များအတိုင်း စဉ်ဆက်မပြတ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများအား ပြုစုပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG)ထံသို့ လေးလတစ်ကြိမ်ပေးပို့ခြင်း၊ ယင်းအဖွဲ့၏ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်၍ APJG မှအကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ်(၂)ခုဖြစ်သည့် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကြီးကြပ်ရေးအာဏာပိုင်များ လုံလောက်စွာခန့်အပ်ခြင်းနှင့် ဘဏ်များအား ကြီးကြပ်စစ်ဆေးခြင်း၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် လူအများအပြားသေကြေစေသည့်လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(PFTFS)အတွက် ကြီးကြပ်ရေးအာဏာပိုင်များအား သင်တန်းပေးခြင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် PFTFS အတွက် သတင်းပို့ အဖွဲ့အစည်းများအား အသိပညာပေးခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းနှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်(၁)ခုဖြစ်သည့် ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေအခြေပြု ကြီးကြပ်စစ်ဆေးခြင်းစသည့် စုစုပေါင်းလက်ငင်းရလဒ် (၅)ခုသည် ကြီးမားစွာလိုက်နာ ဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိခဲ့သည်။

ထို့အပြင် APG သို့ တစ်နှစ်လျှင်တစ်ကြိမ် တင်ပြလျက်ရှိသည့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ၌ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများ ထည့်သွင်းဖော်ပြပြီး အဆင့်သတ်မှတ်ချက်များ တိုးမြှင့်တောင်းခံခဲ့ရာ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ (၂၀၂၃)အား APG ၏ အကဲဖြတ်ချက်အရ အကြံပြုချက်(၂၅)ချက်အား စံနှုန်းသတ်မှတ်ချက်ကောင်းမွန်သည့် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိပြီး ဆက်လက်၍လည်း ၂၀၂၄ ခုနှစ်အတွင်း အကြံပြုချက်(၂)ချက်အပေါ် စံနှုန်းသတ်မှတ်ချက် တိုးတက်ကောင်းမွန်ကြောင်း အဆင့်တိုးမြှင့်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် FATF နှင့် APG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိကြောင်း အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်အပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *