၉. ၆. ၂၀၂၄
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အဆောင်အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်နေသည့်ကာလအတွင်း သာသနာရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြပါစေရန် ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် မဟာနာယကဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏ အကျိုးကို အစဉ်သယ်ပိုး ထမ်းဆောင်နိုင်တော်မူကြပါစေကြောင်း SAC ဥက္ကဋ္ဌက လျှောက်ထားတင်ပြခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့ထံသို့ နိုင်ငံတော်အဆင့် အဆောင်အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။