၉. ၆ .၂၀၂၄
Written by Thiri
ဇွန်လ ပထမအပတ်အတွင်း ၆ ရက်နေ့ထဲက မြဝတီမြို့မှာ ရက်ဆက်ရွာသွန်းနေတဲ့မိုးက ၈ ရက်နေ့မှာတော့ တစ်ရက်နဲ့ တစ်ညလုံး ၉ ရက်နေ့ မနက်အစောပိုင်းအထိ ရွာသွန်းခဲ့တဲ့အတွက် မိုးရေတင်တာတွေ မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေမှာဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
မြဝတီမြို့မှာ မိုးရာသီရောက်ရှိလာတာနဲ့ နှစ်စဥ် ရေကြီးရေလျှံမှုဖြစ်စဥ်တွေဖြစ်ပေါ်နေပြီး သောင်းရင်းမြစ်ရေလျှံတာနဲ့ မြဝတီမြို့ထဲက မိုးရေတွေ မြို့ပြင်သောင်းရင်းချောင်းဘက်ကို မဆင်းနိုင်တဲ့အခါ အခုလိုရေကြီးရေလျှံတာတွေဖြစ်ပေါ်တာပဲဖြစ်ပါတယ်။
“အခုရက်ပိုင်းဖြစ်တာက သောင်းရင်းမြစ်ရေကြောင့်မဟုတ်ဘူး။ မြဝတီမြို့ထဲက ရေနှုတ်မြောင်းတွေမကောင်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေတင်တာပါ။ မြေနီကုန်းရပ်ကွက်နဲ့ မြို့ပြင်က ကမ္ဘောဇ ၃ ဘက်မှာ ရေဝင်သွားတာပေါ့။ ရေများတော့ ကားတွေဘာတွေ သွားမရဖြစ်သွားတယ်။ မိုးဆက်ရွာနေတယ်ဆိုရင်တော့ ဆိုးဝါးလာနိုင်ပေမယ့် မိုးရပ်သွားရင်တော့ တဖြည်းဖြည်းရေဆင်းသွားတာပေါ့။ အခုက ရေထွက်ပေါက်တွေက မရှိတော့ဘူး။ နည်းသွားတာပေါ့။ ဥပမာ ၅ ခုရှိတဲ့နေရာက တစ်ခုလောက်ပဲကောင်းကောင်းဆင်းနိုင်တယ်။ ကျန်တဲ့ ၄ ခုက ခြံကွက်ရိုက်ရောင်းတာတွေနဲ့ ရေထွက်ပေါက်ကို မြေဖို့ ပစ်ကြတော့ အဲ့လိုမျိုးပြဿနာတွေပေါ့နော် မြဝတီမှာကြုံနေရတာ”လို့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းမှုအရ သိရပါတယ်။
မြစ်ရေသတိပေးချက်နဲ့ ပတ်သတ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့မနက် ၉ နာရီ ၃၀မိနစ်အချိန် တိုင်းထွာချက်ကို ထုတ်ပြန်ကြေညာရာမှာ မြဝတီမြို့ရှိ သောင်းရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီး မြစ်နားကမ်းနား နေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း အကြံပြုထားပါတယ်။
လက်ရှိမှာ အာရှလမ်းမကြီးအသုံးပြုသွားလာလို့မရသေးတဲ့အတွက် မြဝတီနဲ့ ပြည်တွင်းကုန်စည်ကူးသန်းသွားလာနိုင်ရေးက ထော့ကိုကိုးလမ်း ၊ ၁၈ လမ်းမကြီး(ဒေသအခေါ်)နဲ့ သစ်တစ်ပင်လမ်း သုံးလမ်းကို မိုးမကျခင်သွားလာနေခဲ့တာပါ။ အဲ့ဒီလမ်းတွေကလည်း မြေသားလမ်းတွေဖြစ်တဲ့အတွက် ဒီရက်ပိုင်း မိုးရက်ဆက်ရွာတဲ့အခါ မြေသားလမ်းပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး မြဝတီ – ဘားအံကို သွားတဲ့ လမ်းခရီးမှာတင် အချိန် ၅ ရက်ကျော် ၆ နီးပါးသွားလာနေရတယ်လို့ ဒေသခံ ကုန်ကားမောင်းနှင်သူတစ်ဦးက ဆိုပါတယ်။
ဒေသခံကုန်တင်ကားမောင်းနှင်သူက “အခုလက်ရှိ အရင် ဒေါနတောင်လမ်းဟောင်းကို ပေးသွားနေတယ်။ အရင်လို လွယ်လွယ်ကူကူ သွားရတာတော့မဟုတ်ဘူးပေါ့။ ကားအစီးရေ လေးငါးစီး တစ်စု တစ်စည်းတည်း သွားရမျိုးပါ။ နောက်ပြီး လမ်းခရီး ကြန့်ကြာတဲ့ပြဿနာလည်းရှိတော့ ကိုယ်မှာတဲ့ ကုန်စည်တွေ အချိန်မီ မရောက်တာ ကုန်စျေးနှုန်းတက်တာတွေတော့ ပြည်တွင်းမှာကြုံရမယ်။ မိုးအစပဲရှိသေးတယ်။ မိုးတွင်းရောက်ရင် ပိုဆိုးတော့မှာ။ အခုမြဝတီမြို့က လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရတော့ အဆင်မပြေမှုတွေအများကြီးပဲ ၊ ဒုက္ခတွေ ဝိုင်းနေတယ်”လို့ MT News ကို ပြောပါတယ်။