September 20, 2024

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို လူကုန်ကူး၊ အဓမ္မစစ်သားစုဆောင်းပြီး ဘင်္ဂါလီနေရာ မြို့ရွာတွေမီးရှို့ဖျက်ဆီးနေတဲ့ AA ဟာ ချင်းပြည်နယ်မှာလည်း မူးယစ်ဆေးဖြန့်တာ၊ အလယ်တန်းကျောင်းသူပါမချန် သက်ငယ်မုဒိမ်းကျင့်တာ၊ တစ်ရွာဆယ်ယောက်စစ်သားစုတာတွေ ကျုးလွန်နေတာကြောင့် AA ပေးတဲ့ဒုက္ခ ချင်းပြည်သူတွေ ရင်စည်းခံနေရပါတယ်။ ရခိုင်တင်မက ချင်းကိုပါသိမ်းချင်နေတဲ့ AA ဟာ ချင်းနဲ့ဘင်္ဂါလီတွေကို စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့အပြင် ရခိုင်ပြည်နယ်မှာ လက်နက် ကိုင်ဆိုလို့ AA ပဲရှိရမယ်ဆိုတဲ့မူနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ပြိုင်ဘက်တွေကို ချောင်းမြောင်းသတ်ဖြတ်တာတွေလည်းလုပ်နေပါသေးတယ်။ ဒီလိုမျိုး AA ရဲ့ ကျုးလွန်မှုတွေအပေါ် MT News သတင်းဌာနက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ တွေ့ဆုံမေးမြန်းထားတာ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

“ငြိမ်းချမ်းသောနည်းနဲ့အဖြေရှာဖို့အတွက် လမ်းစတစ်ခုကို ကျွန်မတို့ရှာလို့ရခဲ့တယ်။ အဲ့ဒါကို အတ္တတွေနဲ့ ဖျက်ဆီးပစ်ကြတယ်။ အတ္တတွေအပေါ်မှာမူတည်ပြီးတော့မှ အားလုံးဖျက်ဆီးပစ်ကြတဲ့အတွက်ကြောင့်မို့လို့ ဒီတိုင်းပြည်ဟာ လွဲသွားရတယ်။ သွေဖယ်သွားရတာတွေ အများကြီးဖြစ်သွားတယ်။ ဆိုတော့ ကျွန်မအနေနဲ့ပြောချင်တာကတော့လက်တွေ့ မခံစားရပေမဲ့ Facebook မှာရှိနေကြတဲ့၊ တိုက်ပွဲကိုအားသန်နေကြတဲ့သူတွေဟာ (၇)ရက်လောက် စစ်မြေပြင်မှာနေရဲမှာလား။ Facebook ပေါ်မှာရှိနေကြတဲ့သူတွေ စစ်ကို ဘယ်လိုခံစားလဲ။ Facebook ပေါ်မှာပဲအားပေးအားမြှောက်ပြုနေမှာလား။ တကယ်တမ်း စစ်မြေပြင်ကို လာရဲလား”

၉.၆.၂၀၂၄
Written By Zun

MT News ◾ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ကို နစကနဲ့ ပူးပေါင်းလို့ဆိုပြီး ချေမှုန်းသွားမယ်လို့ AA က သတိပေးပြောဆိုတဲ့အကြောင်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။ အဲဒီအပေါ် ဘယ်လို ပြောချင်ပါသလဲ။

ဒေါ်စောမြရာဇာလင်း ◾ ဟုတ်ကဲ့။ လူတစ်ယောက်ရဲ့စရိုက်၊ လူတစ်ယောက်ရဲ့ကြံစည်မှု၊ လူတစ်ယောက်ရဲ့အကြံအစည်နဲ့ ပတ်သက်ပြီးတော့မှ သူတို့တွေရဲ့ဆန္ဒတွေကို အင်တာဗျူးမှာလည်းပြောသွားသလိုပဲ သတင်းစာရှင်းလင်းပွဲမှာလည်းပြတ်ပြတ်သားသားပြောပြလာတာရှိတယ်။ ဒီလိုမပြောခင်ကတည်းကလည်း အကြိမ်ပေါင်းများစွာ ကျွန်မတို့ကို ဒုက္ခတွေပေးခဲ့တာလည်းရှိပါတယ်။အတော်များပါပြီ။ ဆိုလို့ရှိရင် သူတို့က ဒီစကားကို အခုမှပဲထုတ်ပြောလာတာပါ။ ထုတ်မပြောခင်တည်းကလည်း သူတို့က ကျွန်မတို့ကိုတော်တော်လေးကို လုပ်ကြံခဲ့ပြီးပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ဒီလိုစကားပြောလာမယ်ဆိုတာကိုလည်း ကျွန်မတို့ကြိုသိပြီးသား၊ မှန်းထားပြီးသားဖြစ်ပါတယ်။

MT News ◾ ALP/ALA က နစကနဲ့ ပေါင်းပြီးတော့ ရခိုင်ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တယ်ဆိုပြီး AA က စွပ်စွဲပြောဆိုတာ လုပ်လာတာ တွေ့ရပါတယ်။ သူတို့ စွပ်စွဲချက်မှာ ALP တပ်ဖွဲ့ဝင်တွေက စစ်တွေမြို့၊ ဗျိုင်းဖြူရွာ ဖြစ်စဉ်မှာ နစကနဲ့ ပူးပေါင်းတယ်လို့လည်း ပါနေပါတယ်။ ဒီအပေါ်မှာ ALP/ALA ရဲ့ တုံ့ပြန်ချက်ကို သိလိုပါတယ်။

ဒေါ်စောမြရာဇာလင်း ◾ ကျွန်မတို့ ပြည်သူတွေကို ဘယ်သောအခါမှ မနှိပ်စက်ပါဘူး။ မတရားသဖြင့် လုပ်ရပ်မှန်သမျှကို ရှုတ်ချပါတယ်။ အထူးသဖြင့် ကျွန်မဦးဆောင်လာတဲ့အချိန်ကစပြီးတော့ ဘယ်သောအခါမှ မတရားမှုဟူသမျှ လက်မခံဘူး။ ကျွန်မက ရိုးရိုးသားသားနဲ့ပဲ အလုပ်လုပ်သွားဖို့ဖြစ်ပါတယ်။ စည်းကမ်းချက်တွေရှိတယ်။ ဥပဒေတွေရှိတယ်။ ဘယ်ပြည်သူကိုမှ မတရားမလုပ်ရပါဘူး။ ဒါဟာ ကျွန်မတို့ရဲ့မူဖြစ်ပါတယ်။ နောက်တစ်ခု ကျွန်မတို့က ရခိုင်အချင်းချင်း ရန်မဖြစ်ချင်ဘူး။ ကျွန်မတို့ ရခိုင်လွတ်မြောက်ရေးပါတီမှာ မူရှိပါတယ်။ ပါတီကိုထူထောင်ခဲ့တဲ့ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းဆိုလို့ရှိရင်လည်း ရခိုင်အချင်းချင်း ပေါင်းစည်းဖို့ကိုပဲကြိုးပမ်းခဲ့သလို၊ ရခိုင်သားတိုင်းဟာ ရခိုင်တစ်မိတည်းသားထံမှ မွေးဖွားလာသကဲ့သို့ချစ်ခင်ကြ ဆိုတဲ့စကားကို မိန့်ကြားခဲ့ဖူးပါတယ်။ ထိုနည်းလည်းကောင်း အိန္ဒိယနယ်စပ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်တဲ့ ဥက္ကဋ္ဌကြီးခိုင်ရဲခိုင် ဆိုလို့ရှိရင်လည်း သူများကိုမတရားမလုပ်ဖို့၊ ရခိုင်အချင်းချင်းရန်မဖြစ်ဖို့ ကျွန်မတို့ကို သြဝါဒတွေ ပေးဖူးပါတယ်။ အခုလည်း ကျွန်မက ပါတီကိုဦးဆောင်နေတဲ့ကာလမှာ ရဲဘော်ရဲဘက်တွေအားလုံးကို ဗဟိုကော်မတီကနေ ရဲဘော်အသေးလေးတွေကအစ အောက်ခြေအထိ ကြေညာပေးထားပါတယ်။ ပြည်သူကိုမတရားမလုပ်ရဘူး။ မမှန်ကန်သောလုပ်ရပ်တွေမလုပ်ရဘူး။ ငါတို့သည်ကောင်းကောင်းမွန်မွန်နဲ့ပဲ ဘဝကိုဖြတ်သန်းရမယ်။ ငါတို့လုပ်သမျှသည် သမ္မာအာဇီဝပဲဖြစ်ရမယ်။ တရားသောလုပ်ရပ်တွေပဲဖြစ်ရမယ်ဆိုတာကို အမြဲတမ်းသြဝါဒပေးတာရှိပါတယ်။ နောက်တစ်ခု သူတို့တွေက ကျွန်မတို့ကိုကြံစည်ဖို့အတွက် အကြံရှိနေတာမို့လို့ ဒီဗျိုင်းဖြူရွာကိစ္စမှာ ကျွန်မတို့ကို ဆွဲထည့်လိုက်တာဖြစ်တယ်။ ဒါဟာအင်မတန်မှ အကြံပက်စက်ပြီးတော့မှ ပြောလိုက်တာဖြစ်ပါတယ်။ ကျွန်မတို့ ဗျိုင်းဖြူရွာသားတွေကို လုပ်ကြံလို့ ဗျိုင်းဖြူရွာသားတွေကို သတ်လို့ ဘာထူးမှာလဲ။ ဘာရမှာလဲ။ ကျွန်မလိုစရိုက်မျိုးနဲ့ ဗျိုင်းဖြူရွာကသူတွေကို ဘာဖြစ်လို့သတ်မှာလဲ။ ကျွန်မတို့ရဲဘော်တစ်ယောက်အနေနဲ့ ရခိုင်သားအချင်းချင်း ဗျိုင်းဖြူရွာကသူတွေကို မတရားလုပ်မှာလား။ အဲ့ဒါက ပညာရှိတဲ့လူဟူသမျှ ကြည့်လိုက်လို့ရှိရင် ဒါဟာ လုပ်ကြံဖန်တီးထားတဲ့ အင်မတန်အရုပ်ဆိုးတဲ့ ပြကွက်တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိသာပါတယ်။

MT News ◾ ရခိုင်ပြည်မှာ AA ကလွဲပြီး မည်သည့်လက်နက်တပ်ဖွဲ့မှ မရှိစေရဆိုတဲ့ မူဝါဒ ချမှတ်ထားတယ်လို့ ပြောဆိုနေတဲ့အပေါ်မှာ ALP/ALA ရဲ့ သဘောထားမှတ်ချက်ကို သိလိုပါတယ်။

ဒေါ်စောမြရာဇာလင်း ◾ အဲဒီလို Themes ကို ကျွန်မတို့ ၂၀၀၈ – ၂၀၁၀ ခုနှစ်တည်းက ရရှိပါတယ်။ အဲ့အချိန်တုန်းက ကျွန်မတို့က ကိုယ်တို့ရခိုင်သားလက်နက်ကိုင်တော်လှန်ရေးအချင်းချင်းကိုပြောတာ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်းမဟုတ်ဘူးဆိုပြီးမှ အကဲဖြတ်လာပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က သူတို့တစ်ခုပဲရှိရမယ်လို့ ထင်ထင်ပေါ်ပေါ်ပြောလာတာကိုတွေ့ရတယ်။ ကျွန်မပြန်ပြောချင်တာက ရခိုင်ပြည်နယ်အတွက် လူတိုင်းမှာလုပ်ပိုင်ခွင့်တွေ ရှိတယ်။ ကျွန်မတို့ AA ကို မလုပ်နဲ့လို့မပြောသလို ဝင်ရောက်လည်း မစွက်ဖက်ဘူး။ ကျွန်မတို့မှာလည်း ရခိုင်ပြည် လွတ်မြောက်ရေးအတွက်ဦးတည်ပြီးတော့မှ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီဆိုပြီး ဥက္ကဋ္ဌကြီးခိုင်မိုးလင်းက ချမှတ်ခဲ့တယ်။ ဒါပေမဲ့ဥက္ကဋ္ဌကြီးက နောက်ပိုင်းမှာ ဖက်ဒရယ်ဆိုတဲ့စကားကို ဥက္ကဋ္ဌမန်းဘစံတို့နဲ့စဉ်းစားတဲ့အခါမှာ လက်ခံခဲ့တယ်ဆိုတာ ကျွန်မတို့ သမိုင်း ကြောင်းအရ သိရတယ်။ ဆိုရင် ကျွန်မတို့ ဒီနေ့နိုင်ငံရေးအပြောင်းအလဲမှာ ဥက္ကဋ္ဌကြီးခိုင်မိုးလင်း ချမှတ်ခဲ့တဲ့ လွတ်မြောက် ရေးလို့ပြောခဲ့သလို ကျွန်မတို့က ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးပေါ့။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီးဖြစ်ရမယ်။ ဒီနိုင်ငံတော်ရဲ့အဝန်းအဝိုင်းထဲမှာပဲ ကျွန်မတို့သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီးတော့မှ ဒီတိုင်းပြည်ရဲ့အခြေအနေကို ဖန်တီးနိုင်အောင်ကြိုးစားမယ်။ ကျွန်မတို့သည် ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ရှေ့ကိုသွားမယ်ဆိုပြီးကြိုးပမ်းလာတာဖြစ်တယ်။ နှစ်ပေါင်းများစွာကြိုးစားပြီးတော့မှလုပ်လာတဲ့ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီကို ရခိုင်မြေပေါ်မှာမရှိစေရဘူး။ မရှိရအောင်ဆိုပြီးတော့မှ ကြိုတင်ပြီးတော့ ဥပါယ်တံမျဉ်လုပ်ပြီးတော့ ကြံစည်ဖန်တီးလာတယ်။ အဲဒါဟာဆိုလို့ရှိရင် လူကောင်းလုပ်တဲ့အလုပ်မဟုတ်ဘူး။ အဲ့ဒါဟာအကြံအစည်နဲ့လုပ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ သူ့သမိုင်းကို ပြည်သူတွေက အဆုံးအဖြတ်ပေးရပါလိမ့်မယ်။

MT News ◾ AA ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ၁၀ ခုကို တိုက်ခိုက်သိမ်းထားပြီး လတ်တလောမှာ မောင်တော၊ သံတွဲ၊ အမ်း မြို့နယ်တွေမှာလည်း ထိုးစစ်ဆင်နေတာရှိသလို မကြာခင်မှာ စစ်တွေမြို့ကိုလည်း တိုက်ခိုက်သွားမယ်လို့ ကြေညာထားတာ ရှိတဲ့အကြောင်း သိရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ALP/ALA အနေနဲ့ ပြောဆိုလိုတဲ့အကြောင်းတွေကို ကြားသိပါရစေ။

ဒေါ်စောမြရာဇာလင်း ◾ ကျွန်မတို့ကတော့ ၂၀၁၃ ထဲကစပြီးတော့ NCA ဆိုတဲ့စာချုပ်တစ်ခုရရှိလာဖို့ရာအတွက် ကြိုးပမ်းခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ ၂၀၁၅ ခုနှစ်မှာဆိုလို့ရှိရင် Nationwide Ceasefire Agreement လို့ခေါ်တဲ့ NCA ကို လက်မှတ်ရေးထိုးလာခဲ့တယ်။ မြန်မာနိုင်ငံမှာပြဿနာရှိတယ်။ အရမ်းရှုပ်ထွေးတယ်။ ဒီပြဿနာကို ဖြေရှင်းကိုဖြေရှင်းရမယ်လို့ ကျွန်မတို့ခံယူထားတယ်။ အဲ့လိုမျိုးပြဿနာကိုဖြေရှင်းမယ်ဆိုလို့ရှိရင် ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းပေါင်းစုံများစွာကို စဉ်းစားခဲ့ကြတယ်။ စဉ်းစားခဲ့တဲ့အခါမှာသွေးထွက်သံယိုမှုများစွာကို ကျွန်မတို့တစ်တွေကြုံခဲ့ရပြီးပြီ။ဒါကြောင့်မို့လို့ အပစ်အခတ်ရပ်စဲပြီးတော့မှ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်စလုံးကိုမနာသော Win – Win ပေါ်လစီနဲ့ ဒီမြန်မာနိုင်ငံကြီးကို ငြိမ်းချမ်းအောင်ဆောင်ရွက်မယ်ဆိုပြီးလုပ်ခဲ့တယ်ဆိုတာကို ခြေဆင်း ပြောပြလိုပါတယ်။ နောက်တစ်ချက်က သူတို့တွေက မြို့တွေကိုသိမ်းလိုက်တာကို ကျွန်မတို့တွေ့တယ်။ ထိုနည်းလည်းကောင်းပဲ ပြည်သူတွေ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားကြပြီ။ အများကြီးပြည်သူတွေ ဒုက္ခရောက်နေကြပြီဆိုတာကိုလည်း ကျွန်မတို့သိတယ်။ မြောက်ဦးမှာဆိုလို့ရှိရင်လည်းပဲ ရှေးဟောင်းအမွေအနှစ်တွေဟာ အနာဂတ်မှာဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာကို ကျွန်မတို့အရမ်းကြီး စိတ်ပူပန်စွာနဲ့ပဲစောင့်ခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ ဘူးသီးတောင်၊ မောင်တောဆိုလို့ရှိရင်လည်း အနာဂတ်မှာရခိုင်ပြည်လို့ပြောလို့ရမယ့် အခြေအနေရောရှိသေးရဲ့လား။ ရှိလာမှာလား။ ဟို စစ်တွေမြို့အထိ ကျွန်မတို့စိတ်ပူနေတာတွေအများကြီးရှိပါတယ်။ ဒါကြောင့် ရခိုင်ပြည်အတွက်ကို ကျွန်မတို့က အရမ်းစိတ်ပူနေတယ်။ အခုဆိုလို့ရှိရင် နေရာတကာတိုင်းမှာ ပေါက်ကွဲသံတွေ၊ သွေးထွက်သံယိုမှုတွေရှိနေတော့ ကျွန်မတို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာတဲ့နည်းလမ်းကိုပဲသွားမယ်ဆိုတဲ့လမ်းစဉ်အတိုင်းကိုပဲ ဆက်သွားမှာဖြစ်ပါတယ်။ ဆိုတော့ လက်ရုံးရည်ကိုအားကိုးလိုတဲ့ ဘက်တစ်ခုနဲ့နှလုံးရည်ကို အားကိုးလိုတဲ့ဘက်တစ်ခုဆိုပြီးတော့မှ အမြင်ကနှစ်မျိုးဖြစ်သွားပါပြီ။ ရခိုင်ပြည်အတွင်းမှာ ငြိမ်ပြီးတော့မှရှိနေတဲ့သူတွေဟာ သည်းခံနေတာကြိုက်လို့နေတာလို့ ကျွန်မတို့မခံယူဘူး။ အကြောက်တရားစိုးမိုးပြီးတော့မှ ဘာမှစကားမပြောဘဲ တုံဏိဘာဝေ နေကြတဲ့ ပြည်သူတွေအများကြီးရှိနေတယ်ဆိုတာကိုလည်း တွက်လို့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ။ ထိုးစစ်ဆင်မယ်။ သိမ်းမယ်ဆိုတဲ့အပေါ် ပြောချင်တဲ့စကားကတော့ နိုင်ငံရေးဆိုတာ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့မူတွေအပေါ်မှာ မူတည်ပြီးတော့မှပဲသွားနေကြတာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ အဓိကကတော့ အာဃာတမကြီးလွန်းဖို့ဘဲ အရမ်းအရေး ကြီးတယ်လို့ပဲ ပြောချင်ပါတယ်။

MT News ◾ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းက ပြည်သူအများစုဟာ AA ကို မနှစ်သက်တာမျိုး ရှိနေပါတယ်။ တစ်ဖက်မှာလည်း AA ကို အားပေးထောက်ခံသူတွေ ရှိနေပြန်ပါတယ်။ လတ်တလောမှာ သံတွဲမြို့နယ်အတွင်း ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် AA ရှိတဲ့ကျေးရွာတွေမှာ အထိနာတာတွေ ရှိတယ်။ အပျက်အစီးများတယ်လို့ သိရပါတယ်။ ဒါကြောင့် AA ကို မလိုသူတွေ ပိုများလာတယ်လို့လည်း ပြောဆိုနေကြတယ်။ လတ်တလောမှာ ဒေသတွင်း ရခိုင်ပြည်သူတွေကို ဘယ်လို ALP/ALA အနေနဲ့ သတင်းစကားပါးချင်ပါသလဲ။

ဒေါ်စောမြရာဇာလင်း ◾ ကျွန်မတို့ငြိမ်းချမ်းရေးလို့ စကားပြောလိုက်လို့ရှိရင် လက်ရုံးရည်နဲ့တိုက်မှ ရခိုင်ပြည်ကိုရမယ်လို့ဆိုပြီးတော့မှ ခံယူထားကြတဲ့ ပုဂ္ဂိုလ်တော်တော်များများက ကျွန်မတို့ကို Facebook မှာ ရာချီပြီးတော့ ဆဲကြတယ်။ ပြောကြတယ်။ကျွန်မတို့ငယ်ငယ်တုန်းကလည်းတိုက်မယ်။ ဒီဆန့်ကျင်ဘက်အုပ်စုတွေအပေါ်မှာ အခြားပုံစံမျိုးတွေနဲ့ တွေးခဲ့တာတွေအများကြီးရှိပါတယ်။ ငယ်စဉ်ကပေါ့။ ဒါပေမဲ့ ကျွန်မတို့နှစ်ပေါင်းများစွာ တော်လှန်ရေးကို ဖြတ်သန်းလာခဲ့တဲ့အခါမှာနိုင်ငံရေး၊ တော်လှန်ရေးရဲ့သွားရာလမ်းခရီးမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ကျွန်မတို့ပြန်လည်စဉ်းစားတယ်။ နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့အခါမှာ တော်လှန်ရေးကြောင့်ဖြစ်ပေါ်လာရတဲ့ အနိဌာရုံတွေကို လက်တွေ့မြင်လာခဲ့တာ အများကြီးဖြစ်ပါတယ်။ အခုလည်းပဲ ကျွန်မတို့ရခိုင်ပြည်နယ်မှာ စစ်ရဲ့ အနိဌာရုံပေါ့လေ။ ဘယ်သူမကောင်းဘူး၊ ဘယ်သူကောင်းတယ်စသည်အားဖြင့်ပေါ့လေ။ ကျွန်မအနေနဲ့ပြောဖို့ရာထက် စစ်ကြောင့်၊ စစ်ကိုလိုလားခြင်းကြောင့် အနိဌာရုံတွေ အများကြီးဖြစ်ရတယ်။ အဲ့ဒါကို ပြည်သူတွေက နားလည်ဖို့လိုတယ်။ စစ်ကြောင့်အနိဌာရုံဖြစ်ရတယ်ဆိုရင် ဘာလုပ်ဖို့လိုလဲဆိုတော့လို့ရှိရင် စစ်မဖြစ်ဖို့ မလိုဘူးလား။ စစ်မဖြစ်ဘဲနဲ့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စကားပြောဖို့မလိုဘူးလားဆိုတာကို အဓိက ပြည်သူတွေ တွေးရမှာဖြစ်ပါတယ်။ အားပေးကြတယ်။ တစ်ဖက်ကိုတစ်ဖက် ဘယ်ဘက်ကိုပဲအားပေး၊ အားပေးပေါ့။ ကျွန်မကပြောချင်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာဖို့ လမ်းစမရှိခဲ့ဘူးဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာလို့မရဘူးပေါ့။ ငြိမ်းချမ်းသောနည်းနဲ့အဖြေရှာဖို့အတွက် လမ်းစတစ်ခုကို ကျွန်မတို့ရှာလို့ရခဲ့တယ်။ အဲ့ဒါကို အတ္တတွေနဲ့ ဖျက်ဆီးပစ်ကြတယ်။ အတ္တတွေအပေါ်မှာမူတည်ပြီးတော့မှ အားလုံးဖျက်ဆီးပစ်ကြတဲ့အတွက်ကြောင့်မို့လို့ ဒီတိုင်းပြည်ဟာ လွဲသွားရတယ်။ သွေဖယ်သွားရတာတွေ အများကြီးဖြစ်သွားတယ်။ ဆိုတော့ ကျွန်မအနေနဲ့ပြောချင်တာကတော့လက်တွေ့ မခံစားရပေမဲ့ Facebook မှာရှိနေကြတဲ့၊ တိုက်ပွဲကိုအားသန်နေကြတဲ့သူတွေဟာ (၇)ရက်လောက်စစ်မြေပြင်မှာနေရဲမှာလား။ Facebook ပေါ်မှာရှိနေကြတဲ့သူတွေ စစ်ကို ဘယ်လိုခံစားလဲ။ Facebook ပေါ်မှာပဲအားပေးအားမြှောက်ပြုနေမှာလား။ တကယ်တမ်း စစ်မြေပြင်ကို လာရဲလား။ စစ်မြေပြင်ကိုရောက်နေကြတဲ့ စစ်မြေပြင်မှာသေနေကြတဲ့ပုဂ္ဂိုလ်တွေကရော ဘယ်သူတွေလဲ။ အင်္ဂါဂြိုလ်က လာသေတာမဟုတ်ဘူး။ ရခိုင်ပြည်သူ၊ ပြည်သားပဲသေသေ၊ ချင်းပဲသေသေ၊ ခမီပဲသေသေ။ ဒါဟာ မြန်မာနိုင်ငံအတွင်းက လူတွေပဲ ဖြစ်တယ်။ တစ်နေ့တစ်နေ့ကို သေနေကြတာ စစ်ကြောင့်သေနေတာပဲဖြစ်တယ်။ ဒါကိုလူထုတစ်ရပ်လုံးက စစ်ဆိုတာဟာ ခင်တွယ်ဖို့ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာကိုသိဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်မှာ သံတွဲမှမဟုတ်ပါဘူး။ တောင်ပိုင်းရော၊ မြောက်ပိုင်းရော ပြည်သူအားလုံးက စစ်ရဲ့အနိဌာရုံတွေကို သိလာတဲ့ တစ်နေ့မှာမှ အဖြေမှန် ထွက်လာမှာပဲလို့ မြင်ပါတယ်။

MT News ◾ ALP/ALA အနေနဲ့ ဖြည့်စွက် ပြောလိုတာတွေကို ပြောပြပေးစေလိုပါတယ်။

ဒေါ်စောမြရာဇာလင်း ◾ ကျွန်မတို့ကို နစကနဲ့ပေါင်းနေတယ်ဆိုတာ ဘယ်လိုပေါင်းတာကိုပြောလဲ ကျွန်မတို့မသိဘူး။ ကျွန်မတို့သည် NCA လက်မှတ်ရေးထိုးပြီးကတည်းက စကားပြောရမယ်။ ဆွေးနွေးရမယ်ဆိုလို့ရှိရင် ဆွေးနွေးတယ်။ ကျွန်မတို့လိုရာခရီးဖြစ်တဲ့ ကျွန်မတို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးကို ရောက်ဖို့ရာအတွက် ရအောင်ဆွေးနွေးတယ်။ ဥပဒေပြောင်းဖို့အတွက် ကျွန်မတို့ဆွေးနွေးတယ်။ ပြီးလို့ရှိရင် လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုပြောင်းဖို့အတွက် ဆွေးနွေးတယ်။ ဆွေးနွေးနေတာကို ပေါင်းတယ်လို့ပြောတာက ဘယ်လိုစိတ်ကူးနဲ့ပြောတာလဲ ကျွန်မနားမလည်ဘူး။ အဲဒါဟာစွပ်စွဲချက်ပဲဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှမပေါင်းဘူး။ ကျွန်မတို့က ကျွန်မတို့သွားနေတဲ့ ခရီးလမ်းသည် မြန်မာနိုင်ငံကို အုပ်စိုးလာတဲ့ အစိုးရအဆက်ဆက်နဲ့စကားပြောရမယ်။ စကားပြောကိုပြောရမယ်။ ဘာကြောင့်လဲ ကျွန်မတို့သည် NCA လက်မှတ်ရေးထိုးထားတာသည် စကားပြောဖို့အတွက် ရေးထိုးထားတာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ရှေ့ဆက်ပြီးတော့လည်း စကားပြောနိုင်ရမယ်။ စကားပြောတာကိုပေါင်းတယ်လို့ ပြောလို့ ရကိုမရဘူး။ ကျွန်မကန့်ကွက်တယ်။ ကျွန်မတို့ကိုအပုပ်ချဖို့အတွက်၊ မတရားကြံစည်ဖို့ရာအတွက် အမျိုးမျိုးထင်မိနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ဗျိုင်းဖြူရွာကိစ္စနဲ့ပတ်သက်လို့လည်း ကျွန်မတို့ရခိုင်လိုရော မြန်မာစကားနဲ့ရောထုတ်ပြန်ထားတယ်။ ကျွန်မတို့သည် အကြမ်းဖက်တဲ့အုပ်စုတွေမဟုတ်ဘူး။ ပြည်သူကို လူကိုလူလို့မြင်တဲ့အုပ်စုတွေဖြစ်တယ်။ ဗျိုင်းဖြူရွာကိစ္စဟာဆိုလို့ရှိရင် ကျွန်မတို့ကိုဆွဲထည့်တာဟာ လုံးဝလုံးဝဖန်တီးထားတဲ့ အကြံပက်ပက်စက်စက်နဲ့ဖန်တီးထားတဲ့ ဖန်တီးမှုသာဖြစ်တယ်ဆိုတာကို ပြည်သူတွေကိုနားလည်စေချင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

MT News ◾ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *