October 23, 2024

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ဒီဇင်ဘာလ ၂၁ ရက်က ကျင်းပနေစဉ်

၂၂. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းပေးကြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်ဟူသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂ၊လုံခြုံရေးကောင်စီတွင် ဒီဇင်ဘာ၂၁ ရက်က မဲခွဲဆုံးဖြတ်ရာ လုံခြုံရေးကောင်စီ ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ရုရှားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က မဲမပေးဘဲနေခဲ့ကြကြောင်း သိရသည်။

ထိုဆုံးဖြတ်ချက်အတွက် ဗြိတိန်နိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်ပြီး ထိုဆုံးဖြတ်ချက်မှာလည်း ကုလသမဂ္ဂတွင် ၇၄ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဆုံးချမှတ်သော ဆုံးဖြတ်ချက်လည်းဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သည့် ရူချီယာ ကမ်ဘော့ဂျ် က မြန်မာနိုင်ငံအတွင်းလက်ရှိအခြေအနေများ ရှုတ်ထွေးနေပြီး သည်းခံစိတ်ရှည်သော ဒီမိုကရေစီနည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်ရန် တောင်းဆိုပါကြောင်း၊ လက်ရှိအခြေအနေများအရ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာတွင် ပါဝင်နေသည့် အဖွဲ့အစည်းများကို နိုင်ငံရေးဆွေးနွေးမှုအစား ၎င်းတို့ဘက်က လုံးဝအလျှော့မပေးသည့်အနေအထား ရောက်ရှိရန် တွန်းအားပေးရာရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ရန်လိုတိုက်ခိုက်မှုများအဆုံးသတ်ကာ နိုင်ငံရေးဆွေးနွေးမှုအတွက် ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ပြီး နိုင်ငံရေးခေါင်းဆောင်များပြန်လွှတ်ပေးသင့်သည်ဟု ယူဆပါကြောင်းပြောခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဗတ်ဆီလီ နီဘန်ဇီယာက ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းမရှိဟု ယူဆပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကသာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရမည့် တစ်ခုတည်းသော မြန်မာနိုင်ငံဆိုင်ရာကိစ္စဟု ယုံကြည်ပါကြောင်း၊ လုံခြုံရေးကောင်စီအတွင်း မြန်မာနိုင်ငံကိုဆန့်ကျင်ဆောင်ရွက်သည့် လုပ်ရပ်ခြေလှမ်းများ တိုးမြှင့်လာခြင်းက မသင့်တော်သည့်အပြင် အကျိုးဖြစ်ထွန်းမှုရှိမည်မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

Ref—OneIndia

Leave a Reply

Your email address will not be published. Required fields are marked *