September 20, 2024

၉. ၆. ၂၀၂၄
Written by Thettant

ပဲခူးမြစ်ကူးတံတားဖြတ်သန်းခ ဇွန် ၁၆ ရက်မှစတင်ကောက်ခံမည်ဖြစ်ပြီး ယာဥ်ငယ်များအတွက် အနိမ့်ဆုံး ကျပ် ၅၀၀ မှ ယာဥ်ကြီးများဖြတ်သန်းခမှာ တန်ပိုဒဏ်ကြေးအပါအဝင် အမြင့်ဆုံး ကျပ် ၆၆၀၀၀ ကျသင့်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)အား ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ သန်လျင်မြို့သို့ အသွားအပြန်ပြုလုပ်လျက်ရှိသည့် မော်တော်ယာဉ်များသည် အဆိုပါတံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာဖြင့် ဖြတ်သန်းမောင်းနှင်လျက်ရှိပြီး စတင်ဖွင့်လှစ်သည့်နေ့တွင် ကားအစီးရေ ၁၂၉၈၈ စီးဖြတ်သန်းမောင်းနှင်ခဲ့ကာ ယနေ့နံနက်ပိုင်းတွင် ကားအစီးရေ ၄၂၀၀ စီးကျော် ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်းသိရှိရသည်။

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) အသုံးပြုခအား ဇွန် ၈ ရက်မှ ၁၅ ရက်အထိ အခမဲ့ဖြတ်သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ၁၆ ရက်နေ့မှစတင်၍ တံတားဖြတ်သန်းခများကို မော်တော်ယာဉ်အမျိုးအစားများအလိုက် ကောက်ခံသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားသစ်ကြီးကို တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သံလျင်တံတားအမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေး ဇုန်ကိုအကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *