September 20, 2024

“ရွှေဈေးတွက်ချက်မှုအခြေအနေများကိုခေါ်ယူမေးမြန်းခြင်းသာဖြစ်ဟုသိရ”

၉.၆.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အတွင်းရေးမှူး ဦးဝင်းမြင့်တို့အား သက်ဆိုင်ရာက ခေါ်ယူထိန်းသိမ်းခြင်းမဟုတ်မှန်ကြောင်းနှင့် ရွှေဈေးတွက်ချက်မှုအခြေအနေများကို ခေါ်ယူမေးမြန်းခြင်းသာဖြစ်ကြောင်း ဥက္ကဌ ဦးမျိုးမြင့်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

“စိုးရိမ်စရာတော့ မရှိပါဘူး။ အခုက ခေါ်ယူစစ်ဆေးနေတာဟုတ်တယ်။ ဒါပေမဲ့ ဒါက အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေ၊ ပြဿ နာတွေနဲ့ မဆိုင်ဘူး။ ရွှေဈေးကိုဘယ်လို ဖွင့်သလဲ။ ဘယ်လိုတွက်ချက်သလဲ စတဲ့ တွက်ချက်နည်းတွေကို ခဏ ခေါ်ယူမေးမြန်းတဲ့ အနေအထား ဖြစ်ပါတယ်။ အခြေအနေတွေကိုမေးတာပါ။ အခြေအနေကကောင်းပါတယ်။ အသင်းရဲ့လူကြီးပိုင်းတွေအနေနဲ့ ပညာဒါနတွေ၊ ငွေကြေးခဝါချတာတွေ ကိုလည်းလုပ်ပေးနေတာရှိပါတယ်”ဟု ယင်းက ပြောသည်။

ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့အား နစက က ခေါ်ယူထိန်းသိမ်းထားပြီး ရွှေ အသင်း၏ YGEA Facebook တွင် ဈေးနှုန်းသတ်မှတ်ခြင်းများကိုလည်း တပ်မတော်က ကြီးကြပ်တင်ခိုင်းနေကြောင်း လူမှုကွန်ရက်တွင် ရေးသားနေကြသည့်အပေါ် ယင်းကအထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ယနေ့ ဇွန်လ ၉ ရက် နံနက်ပိုင်းက ထုတ်ပြန်ရာ၌ ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအားခေါ်ယူစစ်မေးသည့် ကိစ္စမှာ သတင်းအမှားဖြစ်ကြောင်းလည်း အသိပေးထားသေးသည်။

သို့သော် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၉ သိန်းအထိ အမြင့်ဆုံး မြင့်တက်သွားချိန်ကပင် YGEA ၏ ရည်ညွှန်းရွှေစျေးက ကျပ် သိန်း ၄၀ ခန့်သာရှိသော်လည်း ရွှေကုန်သည် ၂၁ ဦး အဖမ်းခံရကာ ရွှေဆိုင်ပိုင်ရှင်၊ဝယ်ရောင်းပွဲစား ၁၀ ဦးတို့ကို ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့က ဖမ်းဝရမ်း ထုတ်ခဲ့သည့်ပြီးနောက် ရွှေစျေးနှင့် ဒေါ်လာစျေးကျဆင်းသွားချိန် ဇွန်လ ၄ ရက်တွင် YGEA က ရည်ညွှန်းသတ်မှတ်ရွှေစျေးကို ကျပ် ၇ သိန်းခွဲဝန်းကျင် ခုန်တက်လိုက်သည့်အတွက် ရွှေအသင်း၏ ရည်ညွှန်းစျေးသတ်မှတ်မှုအပေါ် မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။

ထို့အတူ ယမန်နေ့ ဇွန်လ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် ပြုလုပ်သည့် ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အမှတ်စဉ် (၁၄) သင်တန်းသို့ ဥက္ကဌ နှင့် အတွင်းရေးမှူး တက်ရောက်ခဲ့သည်ကို မတွေ့ရပေ။

ယင်းသင်တန်းသို့ ရွှေဆိုင် လုပ်ငန်းရှင် ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ကျောက်တံတားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်မှုးဦးတင်မျိုးအောင်၊YGEA တွဲဘက်အတွင်းရေးမှူးဦးအေးချို၊ ဗဟိုအလုပ်အမှုဆောင်နှင့် သိန်းသန်းစိန်ရွှေရတနာဆိုင်မှ ဦးအေးမင်းကျော်တို့က အမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *