September 20, 2024

၉.၄.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ မောင်းခရိုင်အတွင်း ဆေးရုံတစ်ရုံ၌ဖြစ်ပွားခဲ့သော ဆေးကုသခံယူနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဒေသခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇွန်လ ၈ ရက်တွင် လက်နက်ချအဖမ်းခံခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် မြန်မာနိုင်ငံသားလူနာအား ပစ်သတ်ခဲ့သည့် အဆိုပါရဲတပ်ကြပ်က အသက် ၂၉ နှစ်ရှိ ခုံကန်ပြည်နယ်ဆေးရုံ(Khon Kaen) တွင်ဆေးကုသခံနေသော မြန်မာနိုင်ငံသားက ကပ်လျက်ကုတင်မှ ၎င်း၏ဖခင်အား အနှောင့်အယှက်ပေးခဲ့မှုကြောင့် များစွာစိတ်မချမ်းမသာဖြစ်ရကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံသွားခဲ့သည်။

ခုံကန်ပြည်နယ်အတွင်း ဖရာယွန်ရဲစခန်းမှ အသက် ၃၄ နှစ်ရှိ ရဲတပ်ကြပ် ဗီရာဖွန် ဘူရာရင်က ခုံကန်ပြည်နယ်ရဲတပ်ဖွဲ့စခန်းသို့ ဇွန်လ ၈ ရက် နံနက် ၉ နာရီခွဲတွင် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ခုံကန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲချုပ် အနူဝပ် ဆူဝမ်နာဖွန်က ထိုရဲတပ်ကြပ်မှာ စိတ်ဖိစီးမှုခံနေရပြီး စိတ်ရှုပ်ထွေးနေပုံရကြောင်း၊ သို့သော် ၎င်းက မြန်မာနိုင်ငံသားလူနာကို ပစ်သတ်ခဲ့မှုအား ဝန်ခံခဲ့ကြောင်း ဇွန်လ ၈ ရက် မွန်းလွဲပိုင်းတွင် ပြောခဲ့သည်။

အနူဝပ် က “သူ့အနေနဲ့ အရင်ကလည်းမသိခဲ့ဖူးတဲ့ မြန်မာအလုပ်သမားကို ပစ်သတ်ခဲ့တာပဲ။ မြန်မာအလုပ်သမားကို သူတွေ့ဖူးတာလည်း ဒါက ပထမအကြိမ်ပါ။ သူက ဒီအလုပ်သမားကြောင့် စိတ်အနှောင့်အယှက်ဖြစ်၊ မနှစ်သက်ခဲ့မှုက ခေါင်းကိုသေနတ်နဲ့ပစ်စေခဲ့တာပဲ။ သူ့ဟာသူလည်းဘာကြောင့် ဒီလိုပစ်ခတ်ခဲ့မိမှန်း မသိဘူး” ဟု ပြောခဲ့သည်။

တရားခံရဲတပ်ကြပ်က ရဲတပ်ဖွဲ့စုံထောက်များနှင့် အစောပိုင်းကပင် ဆက်သွယ်ခဲ့ကာ ၎င်းက အသက် ၂၉ နှစ်ရှိ မြန်မာနိုင်ငံသား ကိုကျော်စွာအောင်ကို ဇွန်လ ၆ ရက်ညတွင် ခုံကန်ပြည်နယ်ဆေးရုံ၌ ပစ်သတ်မိခဲ့ကြောင်း ဝန်ခံထားခဲ့သည်။ ၎င်းက ဆေးရုံ၏ ငါးထပ်မြောက်ရှိအဆောင်တွင် မြန်မာနိုင်ငံသားအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ဆေးရုံဝန်ထမ်းတစ်ဦးက လူနာအား အရေးပေါ်ဌာနသို့ပို့ပေးခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါမြန်မာနိုင်ငံသားက ငါးဖမ်းပိုက်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူလည်း ဖြစ်သည်။

ရှေးဦးစုံစမ်းစစ်ဆေးချက်အရ ရဲတပ်ကြပ် ဗီရာဖွန် ဘူရာရင်က ဖရာယွန်ရဲစခန်းသို့ပြောင်းလာသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ၎င်းမှာ စိတ်ကျရောဂါနှင့် နှလုံးသွေးလွှတ်ကြောရောဂါတို့ကိုလည်း ခံစားနေရကြောင်း သိရသည်။ ၎င်းအား ကြိုတင်ကြံရွယ်သတ်ဖြတ်မှု၊ ဥပဒေနှင့်မညီ လက်နက်ခဲယမ်း ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲထားကြောင်း သိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *