September 20, 2024

၈. ၆. ၂၀၂၄
Written by Nyein Kyaw

၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေကြောင့် တည်ဆောက်မှုတုံ့ဆိုင်းသွားခဲ့၍ အကြိမ်ကြိမ်ညှိနှိုင်းကာ နိုင်ငံတော်မှ ရန်ပုံငွေ ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်တည်ဆောက်ခဲ့ရသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ယနေ့ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) လေးလမ်းသွား တံတားအသစ်ကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သက်သာသည့် ချေး‌ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားတည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူညီစာချုပ် ချုပ်ဆိုခဲ့ကာ ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်လုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်များအရ ပြန်လည် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်ကျခံပြီး တံတားတည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခုအခါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) လေးလမ်းသွား တံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် သန်လျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည်ဖြစ်သည့်အပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊ နောင်အခါတွင် အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့၊ မြဝတီမြို့အထိ ဆက်စပ်သွားလာနိုင်တော့မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ဒေသဖွံ့ဖြိုးမှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားပြီး တံတားအရှည်အနေဖြင့် မြစ်ကူးတံတားပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်လျှင် Safe Zone ၅ ပေစီပါရှိကြောင်း၊ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေရှိသည့် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *