September 20, 2024

ကုန်စည်ပြတ်လပ်မှု၊ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်မှုဒုက္ခ ရင်ဆိုင်နေရသော ပူတာအို ပြည်သူများအတွက် စားနပ်ရိက္ခာများ ပို့ဆောင်မှုစတင်နေ

၈.၆.၂၀၂၄
Written By Zun

ရက်ပေါင်း ၁၀၀ ခန့်အကြာ ပိတ်ထားရသော မြစ်ကြီးနား-ပူတာအိုကားလမ်း ယနေ့ ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က MT News ကို ယနေ့ ဇွန်လ ၈ ရက်တွင် အတည်ပြု ပြောကြားသည်။

တပ်မတော်နှင့် KIA / PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းပိတ်ထားသောကြောင့် ပူတာအိုဒေသတွင် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေသောကြောင့် အထက်ပါအတိုင်း လမ်းဖွင့်၍ ရိက္ခာတင်ပို့သည့် မော်တော်ယာဉ်များ ပြန်လည် ပြေးဆွဲခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဒီမနက် ကားတွေ စ ဆင်းနေပြီ။ ပြည်သူတွေရဲ့ကားနဲ့ပဲ ဟိုက ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာ ပို့တဲ့ကိစ္စဆိုတော့ အလုံခြုံဆုံးပဲ ဖြစ်မှာပါ”ဟု ၎င်းကပြောသည်။

မြစ်ကြီးနား-ပူတာအိုကားလမ်းကို နှစ်ဖက်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ပြန်ဖွင့်လိုက်ခြင်းဖြစ်ကြောင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်နေသည့် ပူတာအိုမြို့သို့ ယနေ့ ကုန်ကား ၁၄ စီး ထွက်ခွာသွားကြောင်းလည်း မြစ်ကြီးနားဒေသခံများထံမှ သိရသည်။

“နှစ်ဖက် ဘယ်လိုသဘောရသလဲဆိုတာတော့ မသိပါဘူး။ ပူတာအိုမှာရှိတဲ့ လူတွေလည်း ပြည်သူတွေပဲလေ။ တိုင်းရင်းသားတွေပဲလေ။ အခုသွားပို့နေတဲ့သူတွေလည်း ဟိုကလူတွေဒုက္ခရောက်လို့ သွားပို့ကြတဲ့ ပြည်သူတွေ။ တိုင်း ရင်းသားတွေပဲလေ။ ပြည်သူတွေ တိုင်းရင်းသားတွေကိုတော့ ဘယ်သူမှတော့ မနှောင့်ယှက်ဘူးလို့ ယုံကြည်တာပေါ့။ ဟိုကလူတွေ လိုအပ်ချက်အရ တိုင်းရင်းသားအချင်းချင်း ပြည်သူအချင်းချင်း သွားပြီးတော့ ပို့ကြတာပါပဲ”ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်က မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ် ပူတာအိုဒေသသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွားရောက်ခဲ့ကာ စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့သေးကြောင်း ကချင်ပြည်နယ် အစိုးရသတင်းများ၏မှတ်တမ်းအရ သိရသည်။

လွန်ခဲ့သော မတ်လကစ၍ မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက်၊ ပူတာအိုလမ်းပိုင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့ တွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် မတ်လ ပထမပတ်က စ၍ မြစ်ကြီးနား- ပူတာအို ကားလမ်း ပိတ်ထားရခြင်း ဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ ပူတာအိုဒေသတွင် စားရေရိက္ခာပြတ်လပ်မှုနှင့် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုကြုံလာရကြောင်း သိရသည်။

ပုံစာ – ယနေ့တွင် မြစ်ကြီးနား – ပူတာအို ကား ၁၄ စီး စတင်ထွက်ခွာလာကြစဉ် (ဓာတ်ပုံ – HtaYanWarZi ကားအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *