September 20, 2024

၈. ၆. ၂၀၂၄
Written by Thiri

အခုနှစ်မိုးစပါးစိုက်ပျိုးမှုအခြေအနေမှာ ထွန်ရေးချနေပြီဖြစ်ပေမယ့် လယ်လုပ်သားပြဿနာ၊ စက်သုံးလောင်စာဆီပြဿနာနဲ့ သွင်းအားစု စျေးနှုန်းတွေ ခေါက်ချိုးမြင့်တက်နေလို့ တောင်သူတွေ ထုတ်လုပ်စရိတ်တိုးမြင့်နေပြီး၊ အကျိုးအမြတ်ကတော့မရှိသလောက်မို့ နာလန်မထူနိုင်ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ တောင်သူဦးဆန်းလေးက MT News ကို ပြောပါတယ်။

အခုနှစ်မိုးစပါးစတင်စိုက်ပျိုးချိန်မှာ လယ်ယာလုပ်သားရှာဖွေမရတာကြောင့် စက်နဲ့ ထွန်ယက်ပေမယ့် ဒီဇယ်ဆီစျေးနှုန်း တစ်ဂါလံ ကျပ် တစ်သောင်းကျော်အထိ မြင့်တက်နေပြီး ဓာတုဗေဒဓာတ်မြေသြဇာနဲ့ သွင်းအားစုစျေးနှုန်းတွေကလည်း အရင်က ကျပ်တစ်သောင်းတန်က အခု ကျပ် သုံးသောင်းမို့ ပျှမ်းမျှ လယ်တစ်ဧကရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်က ၈ သိန်းပတ်လည်မှာ ကျသင့်နေတယ်လို့ သိရပါတယ်။

“အရင်က လယ်တစ်ဧကကို ကျပ် ၁၅၀၀၀၀ နဲ့ ထုတ်လုပ်ကုန်ကျရင် ရပေမယ့် အခု ကျပ် ၈ သိန်းလောက်သွားနေတယ်။ လယ်သမားက မတတ်နိုင်တဲ့အခါ စပါးပေးနဲ့ အပြင်ကုမ္ပဏီတွေကနေ ထပ်ပြီး ငွေယူရပြန်ရော။ အပြင်မှာ ရောင်းလို့ ၁၀ သိန်းရရင် သူတို့ကို ၇ သိန်းနဲ့ ပြန်သွင်းရတယ်။ လယ်သမားမှာ အနာကြီးပဲ။ ဒါပေမယ့် အကြွေးသံသရာလည်နေတော့ နှစ်တိုင်းအချိန်ကျရင် လုပ်ရတာပဲ ရပ်လိုက်လို့မှ မဖြစ်တာ ” လို့ ဦးဆန်းလေးက ဆိုပါတယ်။

ပြည်တွင်းမှာ လယ်ယာလုပ်ငန်းခွင်သုံး သွင်းအားစုတင်သာမက ဆေးဝါးအသုံးအဆောင် စတဲ့ ဒေါ်လာငွေဖလှယ်ပြီးဝယ်ယူရတဲ့ ကုန်ပစ္စည်းတွေရဲ့စျေးနှုန်းက အရင်ကထက် ၃ ဆလောက်မြင့်မားနေတာပါ။ လယ်သမားတွေအရေး အဓိကအလေးပေးဆောင်ရွက်မယ်ဆိုတဲ့ မူနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက အခုလို တောင်သူတွေရင်ဆိုင်နေရတဲ့ သွင်းအားစုပြဿနာနဲ့ ပတ်သက်လို့ SAC ဥက္ကဋ္ဌက အကော်အထည်ဖော် ဆောင်ရွက်နေတဲ့ Barter Transaction Arrangement -BTA စနစ် အကောင်အထည်ပေါ်လာရင်တော့ ထွက်ပေါက်တစ်ခု တွေ့နိုင်မယ်လို့ ဆိုပါတယ်။

ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက “လုပ်ပေးလို့ရတာ အစိုးရက လုပ်ပေးနေတဲ့ Barter System ဆိုတာ စမယ်လို့ ကျွန်တော်တို့သိရတယ်။ ဘယ်တော့စမယ် မသိသေးပေမယ့် အဲ့သည့်စနစ်အကောင်အထည်ပေါ်လာရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံပေါ့၊ သွင်းအားစု ပေးရင် ကျွန်တော်တို့က ဆန်စပါးပြန်ပေးမယ်။ ဒီလိုနည်းပေါ့ဗျာ။ ဒါဆို ဒေါ်လာရှာစရာမလိုတော့ဘူး။ အရင်ကဒေါ်လာနဲ့ ထိန်းချုပ်ခံရတာ။ BTA စနစ်အကောင်အထည်ပေါ်လာရင် ဒေါ်လာမလိုတော့ဘူး ဒါဆို အစစ စျေးကျလာမယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ကုန်သွယ်နှစ်ဖက်နိုင်ငံအကြား ကုန်ပစ္စည်းချင်းအပြန်အလှန် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement -BTA)စနစ်နဲ့ ပတ်သတ်ပြီး ပြီးခဲ့တဲ့မေလကုန်ပိုင်းက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လုပ်ထုံးလုပ်နည်း လုပ်ငန်းစဥ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြေညာပေးခဲ့တာလည်း တွေ့ရှိရပေမဲ့ စတင်အကောင်အထည်ဖော်မယ့် အချိန်ကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ပုံစာ။ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကို တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *