September 21, 2024

၈.၆.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးရှိ မြေရှားသတ္တုတူးဖော်နေသော မိုင်းတွင်းတစ်ခု ဇွန်လ ၄ ရက် နံနက်က မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ဇွန်လ ၇ ရက်တွင် ထပ်မံရရှိသော သတင်းများအရ စုစုပေါင်း လူခုနစ်ဦးသေဆုံးနေကြောင်းနှင့် အနည်းဆုံးဆယ်ဦးပျောက်ဆုံးနေကြောင်း ကချင်ပြည်နယ်အခြေစိုက် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများနှင့် မြေပြိုမှုအတွင်း သေဆုံးပျောက်ဆုံးရသူများ၏ မိသားစုများထံမှ သတင်းများအရ သိရသည်။

မြေပြိုမှုက ပြည်နယ်၏အရှေ့မြောက်ဘက်ရှိ မိုင်းကွင်းလုပ်ကွက် (၃) တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ မြေပြိုသည့်အချိန်၌ ကြီးမားသောတဲကြီးတစ်ခုအတွင်း သတ္တုတူးဖော်ရေးအလုပ်သမား ၁၇ ဦးမှ ၂၄ ဦးထိ အိပ်ပျော်နေကြကြောင်း သိရသည်။ တောင်ကုန်းတစ်ခုလုံးပြိုကျခဲ့ခြင်းဖြစ်ရာ တောင်စောင်းရှိ သတ္တုတွင်းမှာလည်းမြေပြိုမှုဒဏ်ကိုခံခဲ့ရပြီး သစ်ပင်ကြီးများပင်မြေပြိုမှု‌ကြောင့် ကျွတ်ထွက်မျောပါသွားခဲ့ရသည်ဟု ဆိုသည်။

အာဏာပိုင်များနှင့် တာဝန်ရှိသူများအနေဖြင့် မြေပြိုသည့်အချိန်က မိုင်းတွင်း၌ရှိနေသူဦးရေကို အတိအကျအတည်ပြုရန် ခက်ခဲသောကြောင့် ပျောက်ဆုံးနေသူဦးရေကိုလည်း အတိအကျမပြောနိုင်ဖြစ်နေရကြောင်း သိရသည်။ သို့သော် ၎င်းတို့က ပျောက်ဆုံးနေသူ အနည်းဆုံး ၁၀ ဦးမှ ၁၇ ဦးအထိရှိမည်ဟု ခန့်မှန်းထားသည်။

ဇွန်လ ၆ ရက်အထိသေဆုံးကြောင်းတွေ့ရှိသူ ၇ ဦးအထိရှိသွားပြီဖြစ်ရာ အာဏာပိုင်များအနေဖြင့် မည်သူမည်ဝါဖြစ်သည်ကို ပြောကြားရန် မလွယ်ကူဘဲ ဖြစ်နေကြရသည်။ ဒေသခံမီဒီယာတစ်ခုကမူ ထိုမိုင်းတွင်းက သေဆုံးသူများထဲတွင် ပါဝင်သည့် တရုတ်နိုင်ငံသားနှစ်ဦးပိုင်ဆိုင်သည်ဟုဖော်ပြခဲ့သော်လည်း အတည်ပြုနိုင်ခြင်းကားမရှိသေးပေ။

အဆိုပါဒေသက လျှပ်စစ်ကားများထုတ်လုပ်ရာတွင် အဓိကကျသော ကုန်ကြမ်းတစ်ရပ်ဖြစ်သည့် မြေရှားသတ္တုများထွက်ရှိရာ နယ်မြေလည်းဖြစ်သည်။ ထို့ကြောင့် ပန်ဝါမြို့အတွင်း၌ပင် မြေရှားသတ္တု မိုင်းတွင်း ၃၀၀ ကျော်ခန့်ရှိပြီး မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတင်ပို့မှုကက ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် ရှိကာ တရုတ်နိုင်ငံက ၄၁,၇၀၀ တန်တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *