၈. ၆. ၂၀၂၄
Written by Nay Moe
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဇော်ထက်ရဲ့အိမ် မြေအောက်ခန်းမှာ ဒဏ်ရာတွေနဲ့သေဆုံးသွားတဲ့ ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင် သေဆုံးမှုအတွက် NUG က အမှုမှန်ဖော်ထုတ်ပေးဖို့ မိသားစုနဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆန္ဒပြမှုကိုတော့ ပုလဲမောင်ကိုသတ်တဲ့ လူသတ်တရားခံလို့ စွပ်စွဲခံနေရတဲ့ ပုလဲပအဖခေါင်းဆောင်ဇော်ထက် မင်းတိုင်ပင်ကျေးရွာ ပအဖရုံးကိုရောက်လာချိန်မှာ ပုလဲမောင်ရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူ ၃၀၀ ကျော်က ဇွန်လ ၆ ရက် မနက် ၇ နာရီကနေ ၉ နာရီအထိ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မိသားစုဝင်တစ်ဦးကတော့ ပုလဲမောင် သေဆုံးတာက လူသတ်ခံရတာလို့ ယုံကြည်လို့ ဆန္ဒပြတယ်လို့ ပြောပါတယ်။
ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ မေလ ၂၃ ရက် ညနေပိုင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး မေလ ၂၄ ရက် ည ၁၀ နာရီကျော်အချိန်မှာ ပုလဲမြို့နယ်ပအဖခေါင်းဆောင် ဇော်ထက်ရဲ့ နေအိမ်မြေအောက်ခန်းထဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာ၊ ဦးဆက်အရိုက်ခံထားရတဲ့ဒဏ်ရာ၊ ညို့သကျည်းရိုးကျိုးနေပြီး ခန္ဓာကိုယ်ပါ မီးမြိုက်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးလျက်သားတွေ့ရှိခဲ့တာဖြစ်ပြီး ဇော်ထက်က ပုလဲမောင် သူ့အိမ်မှာသေဆုံးနေတာကို ဗိုလ်နဂါးရဲ့ BNRA က ဒေါင်းညိုသတ်တာလို့ လွှဲချခဲ့ပြီး ဗိုလ်နဂါးဘက်က ပြန်ရှင်းချိန်မှ ပုလဲမောင်ဟာ ပုစွန်ခြောက်၊ သရက်သီးနဲ့ ငရုတ်သီးစားပြီး သွေးတိုးသေတာလို့ ဇော်ထက်က ထပ်မံလိမ်လည်ခဲ့ပါတယ်။
ဇော်ထက်တို့က အဲဒီလိုပြောပေမဲ့ ပုလဲမောင်ရဲ့ ညီမကတော့ “ကိုကိုက သွေးတိုးလည်းမရှိဘူး။ သွေးကျလည်းမရှိဘူး။ သူတို့ပြောတာက ကိုကိုက အဲဒီမြေအောက်ခန်းထဲ ဆင်းအိပ်တယ်တဲ့။ ဒါပေမဲ့ ကိုကိုက အသန့်ကြိုက်တယ်။ မြေအောက်ခန်းက ပြာတွေရှိတော့ အဲဒီမြေအောက်ခန်းထဲ ဆင်းအိပ်စရာအကြောင်းမရှိဘူး။ သူတို့ပြောသလို သွေးတိုးနဲ့သေတယ်ဆိုရင်တောင် ကိုကိုက လှေကားရဲ့ ဘေးမှရှိရမယ်။ အခုက လှေကားအောက်ထဲရောက်နေတယ်”လို့ ပြောပါတယ်။
မိသားစုဘက်က ပုလဲမောင်သေဆုံးမှုအတွက် ဇော်ထက်မှာ တာဝန်ရှိတယ်လို့ ယူဆနေကြသလို ဇော်ထက်ဟာ ဗိုလ်နဂါးနဲ့ မတည့်တာ၊ ကနဦးမှာ ဗိုလ်နဂါးကို လွှဲချပြီးမှ သူ့အိမ်မြေအောက်ခန်းမှာ ညှင်းပန်းနှိပ်စက်ခံဒဏ်ရာတွေနဲ့ သေနေတာမိသွားမှ သွေးတိုးသေတာလို့ ထပ်မံလိမ်လည်တာကြောင့် ဇော်ထက်က ပုလဲမောင်ကိုသတ်ပြီး ဗိုလ်နဂါးကိုလွှဲချ ဒေသတွင်းလက်နက်ကိုင်ပြိုင်ဘက်ကို အမြစ်ဖြုတ်ဖို့ကြံရွယ်တာလို့လည်း ပုလဲ PDF အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
ပုံစာ။ ဇော်ထက်နေအိမ်မြေအောက်ခန်းတွင် ပုလဲမောင်သေဆုံးခဲ့စဥ်မြင်ကွင်းနှင့် မိသားစုက ဇော်ထက်ကို ဆန္ဒပြမှုပုံရိပ် ( Photo – Credit)