October 20, 2024

၈. ၆. ၂၀၂၄
Written by Nay Moe

နွေဦးတော်လှန်ရေးစတင်ပြီး မြို့အလိုက် ရွာအလိုက် PDF တွေ ဖွဲ့ကြရာမှာ ဖွဲ့စည်းထားတဲ့ PDF လက်နက်ကိုင်တွေ တိုက်ခိုက်မခံရဖို့ နေရာအနှံ့ မိုင်းထောင်ကြတာကြောင့် အရင်တုန်းက မြေမြုပ်မိုင်းကင်းစင်တဲ့ ချင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကစတင်ပြီး ၂၀၂၄ ခုနှစ် မေလအထိ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၆ ဦးရှိတယ်လို့ သိရပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ထုတ်ပြန်ချက်အရ သုံးနှစ်အတွင်း ၃၆ ဦးသေဆုံးမှုမှာ အမျိုးသမီးနဲ့ ကလေးငယ် သေဆုံးမှုက ၄၀ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့လည်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်တွေ ထောင်ကြတဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၃၆ ဦးသေဆုံးရတဲ့အပြင် ခြေလက်ထိခိုက်သူကလည်း ၆၆ ဦးရှိခဲ့လို့ စုစုပေါင်း ၁၀၂ ဦးအထိ သေဆုံးဒဏ်ရာရနေကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံတဝှမ်းမှာ မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူအရေ အတွက် ၁၀၅၂ ဦး ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း နိုင်ငံတဝှမ်းမှာ လူပေါင်း ၃၃၉ ဦးဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့တယ်လို့ UNICEF ပြောထားပါတယ်။ ထိခိုက်သေဆုံးမှုအားလုံးရဲ့ ၄၃ ရာခိုင်နှုန်းက ချင်း၊ ကချင်၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ တင်္သာရီနဲ့ ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်သေဆုံးမှု အများဆုံး ဒေသသုံးခုထဲမှာ ရှမ်းပြည်နယ်က ၂၅ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ၁၂ ရာခိုင်နှုန်းက ပဲခူးတိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *