October 20, 2024

၈.၆.၂၀၂၄
Written By Thandar

အော်တာနေးတစ်ဂီတနဲ့ ဆယ်စုနှစ်ချီ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် တေးသံရှင် အာတီချုပ်ဟာ ဇွန်လ ၈ ရက်အကူး ည ၁၂ နာရီကျော်မှာ ရန်ကုန်မြို့ ဂျပန်ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ အစ်ကိုဖြစ်သူက MT Entertainment ကို ပြောပါတယ်။

“သူက နေမကောင်းဖြစ်နေတာတော့ ကြာပါပြီ။ အရက်လည်းဖြတ်ထား‌တော့ မနေ့က ညပိုင်းက ဂျပန်ဆေးရုံကို တင်လိုက်တာ ညပိုင်းလောက်က ဆုံးသွားတာပါ။ ဒီကြားထဲမှာ ‌သူ တေးသီချင်းတွေ အများကြီးရေးနေခဲ့တာပါ။ သီချင်းတွေလည်း ဆိုထားတာရှိတယ်။ The Ugly Band နဲ့ သီချင်းတွေ အများကြီးလုပ်ထားတာပါ။ သူနောက်ဆုံးရေးသားသီဆိုခဲ့တဲ့ သီချင်းတွေ ထွက်ကောင်းထွက်လာနိုင်ပါတယ်” လို့ အာတီချုပ်ရဲ့ အကိုဖြစ်သူက MT Entertainment ကို ပြောပါတယ်။

အာတီချုပ်ဟာ အလွန်အကျွံသောက်ခဲ့တဲ့အရက်ကို ရုတ်ချည်းဖြတ်ရာက အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ နီးစပ်သူတွေက ပြောဆိုကြပြီး စျာပနကိုလည်း နေ့ချင်းစီစဥ်လိုက်တယ်လို့ ဆိုပါတယ်။

သူဟာဆိုရင် စိတ်ကူး၊ ရွာ၊ အလွမ်းဇာတ်၊ For You၊ အချစ်ဇာတ်လမ်း စတဲ့ သီချင်းတွေများစွာ ထွက်ရှိခဲ့ပြီးတော့ ပရိသတ်ရှေ့မှောက်မှာပျောက်နေပေမယ့် သီချင်းသစ်တွေ ရေးသားဖန်တီးနေတယ်လို့ သိရပါတယ်။ အာတီချုပ်က ကိုဇော်မင်းသိန်းတို့ရဲ့ The Ugly Band အတူ သီချင်းဖန်တီးထားတာလည်းဖြစ်ပြီး မကြာခင်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

အာတီချုပ်ကတော့ ကိုဗစ်ကာလကလည်း Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးလှုံ့ဆော်တေးသီချင်း”အားလုံးအတူ” တေးသီချင်းကို စောလားထော်ဝါး၊ ငွေဇင်လှိုင်းတို့နဲ့အတူ ပါဝင်သီဆိုခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *