October 21, 2024

၈.၆.၂၀၂၄
Translated by Htwe Ko Tun

၂၀၂၄ ခုနှစ်အကုန်ပိုင်းတွင် ကျင်းပသွားရန်ရှိသည့် မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲ(Miss Universe Pageant) တွင် အသက် ၄၆ နှစ်ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦးက အီကွေဒေါနိုင်ငံကို ကိုယ်စားပြုလျက် ပါဝင်နိုင်ရန် ပြိုင်ပွဲဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အီကွေဒေါနိုင်ငံ၏ အလှမယ်ပြိုင်ပွဲတွင် အဆိုပါ အသက် ၄၆ နှစ်ရှိ ယာဂျေရာ ကွဇ်ဖီ(Yajaira Quizhpi) ဆိုသူအမျိုးသမီးကနိုင်ငံ၏အလှမယ်ဘွဲ့ ရရှိရေးအတွက် အခြားအလှမယ် ၂၄ ဦးနှင့်အတူ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ၎င်းတို့၏နောက်ဆုံးပြိုင်ပွဲကို အယ်လ်အိုရို ပြည်နယ်၊ မာချာလာမြို့တွင် ဇွန်လ ၈ ရက်၌ ကျင်းပသွားမည်လည်းဖြစ်သည်။

ထိုပြိုင်ပွဲတွင်အနိုင်ရသူက အီကွေဒေါအလှမယ်အဖြစ် မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာလ၌ကျင်းပမည့် မယ်စကြာဝဠာပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အကယ်၍သာ ကွဇ်ဖီ က အီကွေဒေါအလှမယ်ဘွဲ့ကိုရရှိခဲ့ပါက ၎င်းအနေဖြင့် အီကွေဒေါနိုင်ငံသမိုင်းတွင် မယ်စကြာဝဠာပြိုင်ပွဲ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရသည့် အလှမယ်များအနက် အသက်အကြီးဆုံးလည်းဖြစ်လာမည်ဖြစ်သည်။

မယ်စကြာဝဠာပြိုင်ပွဲက ပြိုင်ပွဲဝင်အလှမယ်များ၏ အသက်ကို ယခင်က ၁၈ နှစ်မှ ၂၈ နှစ်အတွင်းကန့်သတ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်ပြိုင်ပွဲမှစ၍ အသက်ကန့်သတ်ချက်ချက်ကို ပယ်ဖျက်ခဲ့သည်။ ကွဇ်ဖီက ဓာတုအင်ဂျင်နီယာတစ်ဦးလည်းဖြစ်ကာ အိမ်ထောင်ရှိပြီး အသက် ၁၁ နှစ်အရွယ် သားတစ်ဦး၏မိခင်လည်းဖြစ်သည်။

Ref . CNN

Leave a Reply

Your email address will not be published. Required fields are marked *