October 21, 2024

၈.၆.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ကို ယနေ့မနက် ဇွန်လ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူက MT News ကို ပြောသည်။

အဆိုပါ တံတားကို ဖွင့်လှစ်သည့် အခမ်းအနားသို့ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဝါတာနာဘေးလည်း တက်ရောက်မည်ဖြစ်ကြောင်း MT News က စုံစမ်းသိရှိရသည်။

“အခုကတော့ မြန်မာ့အသံနဲ့ မြဝတီတော့ ခေါ်ထားတဲ့သဘော ဖြစ်ပါတယ်။ လူကြီး ခရီးစဉ်ဆိုတော့လေ”ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ၏ တံတားအရှည်မှာ ၈၆၃၈ ပေဖြစ်ပြီး ယာဉ်သွားလမ်းမှာ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားအမျိုးအစား ဖြစ်သည်။ အဆိုပါတံတား၏ အသုံးပြုခကို နိုင်ငံတကာစနစ်အတိုင်း QR Code အသုံးပြုပြီး Mobile Pay စနစ်ဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၁၃ ဒသမ၂၅ မီတာ (၄၃ ပေ) ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။

တံတားကြီးကို ဂျပန်နိုင်ငံမှ ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တံတားဦးစီးဌာနအနေဖြင့် တံတားတစ်စင်းလုံး၏ လက်ရန်း၊ ပလက်ဖောင်း၊ ရေဆင်းပေါက်၊ လျှပ်စစ်မီးအပိုင်းများကို ဆောင်ရွက်ရကြောင်း သိရသည်။

လက်ရှိ ဖြတ်သန်းသွားလာနေသော သန်လျင်တံတား အမှတ် (၁) ကို ၁၉၉၃ ခုနှစ်ကတည်ဆောက်ခဲ့ပြီးနောက် ယင်းတံတားကို နေ့စဉ်ဖြတ်သန်းသွားလာသည့် ယာဉ်အစီးရေများပြားလာခြင်းကြောင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ သန်လျင်တံတား အမှတ် (၃) စီမံကိန်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *