October 21, 2024

◾️ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့၍ လက်ရှိတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းသို့ ပြန်ကျဆင်းနေပြီဟု ဆို

၇. ၆. ၂၀၂၄
Written by Nyein Kyaw

လက်ရှိဖြစ်ပေါ်နေသည့် ရွှေ‌နှင့်ငွေကြေးဈေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့် ဈေးနှုန်းများဖြစ်ပြီး တိုင်းပြည်စီးပွားရေး ကျဆင်းစေရန် အဖက်ဖက်မှ ရည်ရွယ်ချက်ရှိရှိ ဝိုင်းဝန်းတိုက်ခိုက်နေခြင်းကြောင့် ငွေဈေးတည်ငြိမ်ရန် အရေးကြီးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၄) တွင် ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် ရွှေနှင့်ငွေကြေးဈေးနှုန်းများသည် မည်သို့မျှ မဖြစ်နိုင်သည့် ဈေးနှုန်းများဖြစ်ပြီး ငွေတန်ဖိုးကျဆင်းစေရေး ဈေးနှုန်းများကို ဆွဲတင်၍ တိုင်းပြည်၏ စီးပွားရေးကျဆင်းမှုရှိစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျဆင်းခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်းစေရန် ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်သဖြင့် ငွေဈေးတည်ငြိမ်ရန်အရေးကြီးကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ရွှေဈေးနှင့် ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာသည်ကို တွေ့ရပြီး ဝိသမစီးပွား‌ရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဈေးနှင့် ငွေကြေးဈေးများသည် ရှိသင့်ရှိထိုက်သည့်၊ ဖြစ်သင့်သည့်ဈေးနှုန်းသို့ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခင်ကလည်း စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ၊ ဘဏ်စနစ်များပြိုလဲအောင် လုပ်ဆောင်မှုများနှင့် ငွေကြေးကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းများကို မိမိတို့အနေဖြင့် ကြုံတွေ့ခဲ့ရပြီး ထိုသို့သော အခက်အခဲ အကျပ်အတည်းများကြားမှ နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ ပြန်လည်ဦးမော့လာနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ အိမ်ယာမြေဝယ်ယူခြင်းနှင့် ပတ်သက်၍လည်း တရားမဝင်ရရှိလာသည့် ငွေကြေးများဖြင့် ပြည်ပနိုင်ငံများတွင် အိမ်ယာမြေဝယ်ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့် စည်းကမ်းဥပဒေနှင့်အညီ စိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဝိသမလောဘသမားများ၏ ရွှေနှင့်ငွေကြေးဈေးနှုန်းများ ဆွဲတင်ခဲ့မှုများကြောင့် ပြီးခဲ့သည့် မေလအကုန်ပိုင်းတွင် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၈ သိန်းကျော်နှင့် ဒေါ်လာဈေး ကျပ် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့မှုများရှိခဲ့သည်။ ယခု ဇွန်လဆန်းပိုင်းတွင် ယင်းကဲ့သို့ ဈေးနှုန်းဆွဲတင်ခဲ့သည့် ဝိသမလောဘသမားများကို အရေးယူမှုများပြုလုပ်ခဲ့ပြီး ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ရွှေဈေးနှုန်းအား တစ်ရက်လျှင် သုံးကြိမ်ထုတ်ပြန်ပေးပြီး ယင်းရွှေဈေးနှုန်းဖြင့် ရောင်းချရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားသည်။

ထို့ပြင် တရုတ်ဗဟိုဘဏ်အနေဖြင့် Gold Reserve ဖြည့်တင်းမှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ဒေါ်လာ ၂၃၁၃ အထိ ကျဆင်းခဲ့၍ ယနေ့တွင် တစ်အောင်စ ဒေါ်လာ ၆၀ ကျော်  ချက်ချင်းကျဆင်းခဲ့သည်။

ပြည်တွင်း၌ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ရည်ညွှန်းရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၇၉၃,၁၀၀ ဖြစ်သော်လည်း ပြင်ပဈေးကွက်တွင်မှု မေလ ၅ ရက်က ဖွင့်လှစ်ထားသည့် ကျပ် ၄,၈၁၅,၀၀၀ ဖြင့်သာ ဆက်ရှိနေပြီး ယမန်နေ့နှင့် ယနေ့ နှစ်ရက်တွင် ဈေးနှုန်းများ ဖွင့်လှစ်ထားခြင်း မရှိသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *