October 21, 2024

၇. ၆. ၂၀၂၄
Written by Tha Doe

ကမူးရှူးထိုးနဲ့ ဦးနှောက်မပါ ပညာမပါထိုးသတ်တာမျိုးမဟုတ်ဘဲ သဘာနဲ့ပညာနဲ့ ရှောင်တိမ်းဆော့တတ်တဲ့ မြန်မာပြည်ချန်ပီယံသွေးသစ်ဝင်းလှိုင်ရဲ့ One Championship ခရီးအစဟာ ပြည်တွင်းမှာ စောင့်ကြည့်သူတွေများနေတာပါ။ ထွန်းထွန်းမင်းတို့ညီအကိုရဲ့ပရိသတ်တွေဟာ သူတို့လူကို ဦးနှောက်မပါဘဲထိုးတယ်ချည်းအပြောခံနေရတာ၊ ထွန်းထွန်းမင်းရဲ့ညီတွေထိုးတဲ့ပွဲတွေက ရှုံးတာများနေတာ၊ သွေးသစ်ဝင်းလှိုင်ကို မြန်မာပြည်ချန်ပီယံလို့ အသိအမှတ်ပြုမပေးချင်တာကြောင့်လည်း ဒီနေ့ပွဲဟာ မြန်မာပြည်ပရိသတ်တွေကြားမှာ အပြန်အလှန်ဝေဖန်ချက်ချဖို့ စောင့်နေကြတဲ့ ပွဲဖြစ်နေခဲ့တာပါ။

စောင့်ကြည့်ချင်စရာဖြစ်နေတာကလည်း One ဟာ သွေးသစ်ဝင်းလှိုင်ပြိုင်ဘက် Khunsuek (ခွန်ဆုတ်)က Rajadamnern Championship မှာ ၁၄၅ ပေါင်တန်းရဲ့ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့အပြင် သွေးသစ်ဝင်းလှိုင်ထက်လည်း ၃ လက်မပိုမြင့်ပြီး အသက်ကလည်း ၅ နှစ်ကျော်ငယ်နေတာပါ။ ဒါ့အပြင် လက်ရှိထိုင်းနိုင်ငံရဲ့ထိပ်တန်း စူပါဘွန်းကလပ်မှာ နည်းပြလုပ်နေသူဖြစ်ပြီး ကလပ်နာမည်နဲ့ထိုးတာ၊ ဒီပွဲဟာထိုင်းချန်ပီယံနဲ့ မြန်မာချန်ပီယံ ဆုံပေးထားတာ၊ အလဲမထိုးနိုင်ကြရင် ထိုင်းက သူ့နိုင်ငံသား အနိုင်ပေးဖို့များတာကြောင့်လည်း အားလုံးက စိတ်ဝင်တစားဖြစ်နေတာပါ။

ပွဲစချိန်မှာလည်း သွေးသစ်ထက် ခွန်ဆုတ်က အရပ်အမောင်း၊ အလုံးအထည်၊ အကုန်သာနေတာတွေ့ရပါတယ်။ မသာတာက ခွန်ဆုတ်ဟာ ဒီနေ့ပွဲမှာ လက်သီးထိုးတာမမြင်ရသလောက်ဖြစ်နေပြီး တံတောင်၊ ဒူး၊ ခြေကန်ချက်တွေပဲ သုံးသွားတာပါ။ ဒါပေမဲ့လည်း သွေးသစ်ဝင်းလှိုင်ဟာ စိုးလင်းဦးလို အတင်းပူးကပ် လက်သီးချက်သုံးတတ်သူမဟုတ်ပြန်တော့ တစ်ချိန်လုံးခွာပေးနေတာကလည်း ခြေအရမ်းသန်တဲ့ ခွန်ဆုတ်စိတ်ကြိုက်ဖြစ်သွားတာပါပဲ။

ခြုံပြောရမယ်ဆိုရင် ပထမအချီမှာ သွေးသစ်ဝင်းလှိုင်ဘာမှမလုပ်နိုင်ခဲ့ဘဲ ခြေကန်ချက်တွေ၊ ဒူးတိုက်ချက်တွေမိပြီး ပထမအချီတင် အမှတ်စဥ်နှစ်ကြိမ်အရေခံရပြီး ရှုံးဖို့ လုံလောက်သွားပါတယ်။ ဒုတိယအချီမှာသွေးသစ်ဝင်းလှိုင်ပူးထိုးနိုင်လို့ ထိချက်ထိုးချက်သာပေမဲ့ တတိယအချီမှာတော့ မျက်ခုံးကွဲပြီး ပြိုင်ဘက်ခွန်ဆုတ်တစ်ကိုယ်လုံးပါ သွေးတွေစင်သွားလို့ မြင်မကောင်းပေမဲ့လည်း အလဲထိုးမခံရတာကိုက ကံကောင်းခဲ့တယ် ပြောရမလိုပါပဲ။

ဒီနေ့ပွဲက သွေးသစ်ဝင်းလှိုင် အရမ်းနိမ့်ပါတယ်။ ထိုင်းကလည်း သူ့ကို ကျွန်ပြုဖူးတဲ့ မြန်မာဆို အရမ်းနိုင်ချင်လို့ သွေးသစ်ရဲ့ ကစားပုံအကုန်လေ့လာပြီး ထိုးသတ်ပုံမတူတဲ့ အကုန်သာတဲ့ကောင်နဲ့ တေ့ပေးလိုက်တာပါပဲ။ အလဲထိုးမရှုံးတာကို တော်သေးတယ်မှတ်ရမဲ့ အခြေအနေဖြစ်ပြီး ခွန်ဆုတ်ကိုနိုင်ဖို့က သွေးသစ်ဟာ စိုးလင်းဦးလို ပူးထိုးတတ်တဲ့သူမျိုးဖြစ်မှရမယ့် အခြေအနေပါ။ ဒါပေမဲ့သွေးသစ်က ပူးထိုးတတ်တဲ့သူမဟုတ်တော့ ဒီလိုမျိုး ခွာထိုးတဲ့ဗျုဟာနဲ့ပဲ ခြေသန်တဲ့ ပြိုင်ဘက်ကို၊ ခြေသန်တဲ့သူကို ခြေတစ်ကမ်းကနေ အမြဲနေပေးနေတော့ ပြိုင်ဘက်ရဲ့စိတ်ကြိုက်ထိုးသတ်ခံရတာပါပဲ။

မြန်မာလက်ဝှေ့သမားတွေအဖို့လည်း ထိုင်းနဲ့ယှဥ်မယ်ဆို ကြိုပြင်ဖို့လိုပါတယ်။ ထိုင်းတွေကလည်း မြန်မာတွေကိုဘယ်လိုနည်းနဲ့နိုင်နိုင် အနိုင်ရဖို့ကြိုးပမ်းပါတယ်။ ဒီနေ့ပွဲမှာ သွေးသစ်ပြိုင်ဘက် ခွန်ဆုတ်ဟာ သူ့ထိုးသတ်ပုံမြန်မာတွေရှာမရသလို One ကလည်း ခွန်ဆုတ်ကို သူ့ Website မှာ ရုပ်မတင်တဲ့အထိကို ကောက်ကျစ်ပါတယ်။ ရုပ်မြင်ရင်ပုံနဲ့ပြန်ရှာပြီး ထိုးသတ်ပုံလေ့လာနိုင်တာကြောင့်လည်း မတင်တဲ့ပုံစံမျိုးနဲ့ အောက်တန်းကျပါတယ်။

နိုင်ငံဟာ ဆင်းရဲဒုက္ခပေါင်းစုံနဲ့ နိမ့်ပါးနေချိန်မှာ မြန်မာရဲ့ယဥ်ကျေးမှု အကုန်ခိုးနေတဲ့ ထိုင်းဟာ မြန်မာပြည်ချန်ပီယံတစ်ယောက်ကို အကုန်သာမဲ့သူနဲ့ ဝိတ်တန်းပါမညှိတော့ဘဲ မင်းတို့မြန်မာထက် ငါတို့ထိုင်းက အကုန်သာပြီ လုပ်ပြတဲ့သဘောပါပဲ။ မြန်မာနိုင်ငံဟာလည်း အမေရိကန်၊ OIC နဲ့ ထိုင်းနဲ့ သူတို့လူတွေ အကုန်အသာရရေး ကစားပွဲမှာ နိုင်ငံကမညီညွတ်တော့ လုပ်သမျှခံရုံ…..။

Leave a Reply

Your email address will not be published. Required fields are marked *