October 22, 2024

၇ .၆. ၂၀၂၄
Written by Hey Mar

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ကို ပြန်မယ့် ဘိလပ်မြေအိတ်တွေ တင်ဆောင်လာတဲ့ တွဲသင်္ဘောတစ်စင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအနီး၊ ဧရာဝတီတံတားတိုင်အမှတ် ၁၇/၁၈ ကြားမှာ တံတားတိုင်နဲ့ပွတ်တိုက်မိပြီး နစ်မြုပ်တဲ့ ဖြစ်စဥ် ဒီနေ့ ဇွန်လ ၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဘိလပ်မြေအိတ်တွေ တင်ဆောင်လာတဲ့ CP တွဲသင်္ဘောက တွဲဆက်ပြုတ်ကာ တံတားတိုင်ကို ဝင်ရောက်ပွတ်တိုက်မိပြီး ဝမ်းဗိုက်ပေါက်ကာ ရေဝင်ရောက်နစ်မြုပ်မှုဖြစ်ပွား​တာလို့ သိရပါတယ်။

မင်းဘူးမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးအောင်ကိုကိုက”မန္တလေးကနေ ပန်းတနော်ကို ပြန်တဲ့ ဘိလပ်မြေအိတ် ၅၁၀၀၀ တင်လာတဲ့ တွဲသင်္ဘောပေါ့။ ကြိုးပြတ် လည်ထွက်ပြီး ထိန်းချုပ်လို့မရတော့ဘဲ တံတား အောက်ခြေတိုင်နဲ့ ရိုက်မိပြီး ဝမ်းဗိုက်ပေါက် ရေဝင်နစ်မြုပ်တာပါ။ သင်္ဘော၊ သံခွံကတော့ တန်ဖိုးတွက်မထားပေမယ့် ဘိလပ်မြေက တစ်အိတ် ကျပ် ၁၀၀၀၀ နဲ့တွက်ရင်ကို ကျပ်သိန်းပေါင်း ၅၁၀ လောက် ဆုံးရှုံးသွားတာပေါ့” လို့ MT News ကို ပြောပါတယ်။

သတင်းအရ အခင်းဖြစ်ပွားရာနေရာကို မင်းဘူးမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်စက်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ပြီး တွဲသင်္ဘောပေါ်ပါရှိသူတွေ ကမ်းပေါ်ကို အထိအခိုက်မရှိ အန္တရာယ်ကင်းစွာကူညီ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *