October 21, 2024

၇.၆. ၂၀၂၄
Written by Shwe Phyo

ပြီးခဲ့သောရက်ပိုင်းက စစ်တိုင်းတိုင်းဒေသကြီးမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် လူများသေဆုံးရခြင်းအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က” ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ လူတွေသေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချတယ်” ဟုပြောသည်။

မြန်မာအစိုးရနှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလနောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်ပွဲများတွင်ပါဝင်နေသော အဖွဲ့အစည်းအားလုံးအနေဖြင့် အတတ်နိုင်ဆုံးထိန်းသိမ်းကြရန်၊ အရပ်သားများကို နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဥပဒေနှင့်အညီ ကာကွယ်ပေးကြရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

ထို့အပြင် ဒေသအတွင်း အတူတူနေထိုင်သူများကြား တင်းမာမှုများနှင့် အကြမ်းဖက်မှုများ ထပ်မံမဖြစ်လာစေရန်အတွက် ကာကွယ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ၏အခြေအနေများသည် ဒေသတွင်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်လာနေခြင်းအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထူးစိုးရိမ်နေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ကြရန်အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းတောင်းဆိုထားသည်ဟု စတီဖန်ဒူဂျာရစ်က ပြောသည်။

၎င်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့နှင့် ဆက်သွယ်ဆောင်ရွက်ကာ ပံ့ပိုးကူညီပေးစေလိုကြောင်း ထပ်မံပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏အိမ်နီချင်းနိုင်ငံများအပြင် အာဆီယံအဖွဲ့အနေဖြင့်လည်း မြန်မာပြည်သူများ ဒုက္ခခံစားရမှုလျော့ပါးစေရန်နှင့် မြန်မာဦးဆောင်သော အားလုံးပါဝင်မည့် ရေရှည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တည်ဆောက်ရေးဖြစ်လာစေရန် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း စတီဖန်ဒူဂျာရစ်ကပြောသည်။

REF UN

Leave a Reply

Your email address will not be published. Required fields are marked *