October 20, 2024

၇.၆.၂၀၂၄
Written By Thandar

လာမယ့် ဇူလိုင် ၇ ရက်နေ့မှာ ပြုလုပ်မဲ့ (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးရဲ့ အသက် (၆၅)နှစ်အထက် သက်ကြီးဟာသပညာရှင်ကြီးတွေကို နှစ်စဉ်ကန်တော့ဖို့အတွက် အလှူငွေပါဝင်လှူဒါန်းနိုင်ပါတယ်လို့ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဒိန်းဒေါင်က MT Entertainment ကို ပြောပါတယ်။

“ကျွန်တော်တို့ သက်ကြီးဟာသပညာရှင်ကြီးတွေကို နှစ်စဉ်ကန်တော့ခဲ့ကြပါတယ်။ ဒီနှစ်ဆိုရင်တော့ ၁၄ ကြိမ်မြောက်ကန်တော့ဖို့ ပြင်ဆင်ပြီးတော့ အလှူငွေတွေကိုလည်း လိုက်လံကောက်ခံနေပါတယ်။ ကိုယ့်လောကသားတွေထဲက သက်ကြီးဟာသပညာရှင်တွေကို ကန်တော့ဖို့အတွက် အလှူငွေကို ကားတွေ၊ အသံချဲ့စက်တွေ ငှားပြီးတော့ သွားရတာတွေလည်းရှိပါတယ်။ ဒီငှားထားတဲ့ စရိတ်တောင်ပြန်မရတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့လည်း တကယ်ခက်ခဲနေချိန်မို့ အလှူငွေ ထည့်ဝင်မှုကလည်း နည်းနေကြတယ်။ တစ်ချိန်က ပရိသတ်ကို ပျော်ရွှင်ရယ်မောစရာတွေ ဖန်တီးပေးတဲ့ ဟာသပညာရှင်တွေကို ပါဝင်လှူဒါန်းဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်”လို့ ဒိန်းဒေါင်က MT Entertainment ကို ပြောပါတယ်။

၁၄ ကြိမ်မြောက် သက်ကြီးဟာသပညာရှင်ကြီးတွေရဲ့ သက်ကြီးကန်တော့ပွဲကိုတော့ လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ အဆိုပါ အသက် ၆၅ နှစ်အထက် အယောက် ၁၀၀ ကျော်ရှိတဲ့ သက်ကြီးကန်တော့ပွဲကို တမူထူးခြားစွာ နိုင်ငံပိုင်ရုပ်သံလိုင်းတွေ၊ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေနဲ့ YouTube Channel အစရှိတဲ့ Social Media တွေမှာ ဟာသပညာနဲ့ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ဒီအထဲက သရုပ်ဆောင်တွေကို စိစစ်ရွေး ချယ်ပြီးတော့ ၂၀၂၃-၂၀၂၄ ခုနှစ် အကောင်းဆုံး ဟာသပညာထူးချွန်ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးဆု(၁)ဆုနဲ့ ဟာသပညာဖန်တီးဆု(၄)ဆုစုစုပေါင်း(၉)ဆုတို့ကိုလည်း ချီးမြှင့် သွားမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

“ကျွန်တော် ရိုက်ကူးထုတ်လုပ်ထားတဲ့ တာဝန်ယူချင်လွန်းလို့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရောင်းတာပါပဲ။ စျေးတွေအရမ်းနိမ့်ပြီးပေးကြတယ်။ ဒီကားမရောင်းရသေးပါဘူး။ သိန်း ၂၀၀လောက်ပဲ ပေးတော့လေ။ အချင်းချင်းကူညီတာနဲ့မတူသလိုဘဲ။ ခံစားရတယ်။ အရမ်းစျေးနှိမ်လွန်းလို့လေ။ မကြာခင်ကျင်းပမယ့် သက်ကြီး ဟာသပညာရှင်ကြီးတွေအတွက် ပါဝင်လှူဒါန်းလိုသူတွေလည်း လှူပေးပါဦးလို့ ပြောချင်ပါတယ် ”လို့ သူက ဆက်ပြောပါတယ်။

သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်က ဝါရင့်အနုပညာရှင်တွေနဲ့ သိန်းပေါင်းများစွာ အကုန်ကျခံ ကိုယ်တိုင်ရိုက်ကူးထုတ် လုပ်ထားတဲ့ “တာဝန်ယူချင်လွန်းလို့ပါ” ရုပ်ရှင်ကားကြီးကို ရောင်းချရငွေတွေကိုလည်း ၁၄ ကြိမ်မြောက်သက်ကြီးလူရွှင် တော်တွေကို ကန်တော့နိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *