October 20, 2024

၇. ၆. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုများ တိုးတက်လာခြင်းနှင့်အတူ ပြည်ပကုန်သွယ်မှုတွင်လည်း ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သောကြောင့် ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၃ သန်းကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၃၀၇ ဘီလျံအထိရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂ ဒသမ ၂၄၃ ဘီလျံသာရှိသည့်အတွက် ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ ၆၃ ဒသမ ၅၂၆ ပိုများခဲ့၍ ကုန်သွယ်မှုပိုငွေမှာလည်း ဒေါ်လာ ၆၃ ဒသမ ၅၂၆ သန်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကုန်သွယ်မှုပိုငွေဆိုသည်မှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုနည်းသောကြောင့် နိုင်ခြားငွေလိုအပ်ချက် လျော့နည်းလာခြင်းကို ဆိုလိုသည်။

ပြီးခဲ့သည့် မေလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ရှစ်လအတွင်း ပထမဆုံးအကြိမ် တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုအညွှန်းကိန်းအမှတ် ၅၂ ဒသမ ၁ အထိ တိုးတက်ခဲ့ခြင်းကြောင့် ဒေသတွင်း အာဆီယံနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများထက် တိုးတက်ခဲ့ကြောင်း ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ကုန်ထုတ်လုပ်မှု Purchasing Manager’s Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၃၀ ခန့်သာ တိုးတက်မှုရှိသော်လည်း သွင်းကုန်တင်သွင်းမှုသည် ယခင်နှစ်ထက် ဒေါ်လာတစ်ဘီလျံနီးပါး လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်း‌‌ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့ကြောင့် ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုများ အဓိက ဆောင်ရွက်နေရသော ဖွံ့ဖြိုးဆဲမြန်မာ နိုင်ငံအတွက် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်ခြင်းက ပို့ကုန်ပိုမိုတိုးတက် တင်ပို့နိုင်ခြင်းထက် သွင်းကုန်တင်သွင်းမှု လျော့ကျနေခြင်းက သတိချပ်စရာ တစ်ခုအနေနှင့်ရှိနေသည်။

ယခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဘီလျံခွဲကျော်သာရှိပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၅ ဒသမ ၃ ဘီလျံကျော်အထိ ရရှိထားခြင်းကြောင့် ယခုဘဏ္ဍာနှစ် နှစ်လတွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၇၇၀ ကျော် လျော့ကျနေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်မှုပိုငွေ/လိုငွေ ဖြစ်ပေါ်မှုအား လေ့လာကြည့်ပါက ပြီးခဲ့သည့် ၂၀၂၃- ၂၀၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၄၀ ခန့်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၇၃၀ ကျော်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကြားကာလ ၆ လတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃၄၀ ကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၆၇၀ ကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသ ၃ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *