October 21, 2024

၇. ၆. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ရွှေဈေးနှုန်းဖြင့် မရောင်းချသည့် ရွှေဆိုင်များကို အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် YGEA က သတ်မှတ်ရွှေဈေးအား ယနေ့တွင် ကျပ် ၄,၇၉၃,၁၀၀ သို့ လျှော့ချသတ်မှတ်ခဲ့သည်။

ဝိသမလောဘသမားများက ရွှေနှင့် ဒေါ်လာဈေးနှုန်းများ ဈေးကစားဆွဲတင်ခဲ့သည့် ဖြစ်စဉ်ကြောင့် မေလနောက်ဆုံးအပတ်အတွင်း ရွှေဈေးနှုန်း ၅၈ သိန်းကျော်နှင့် ဒေါ်လာဈေး ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့ချိန်အထိ YGEA က သတ်မှတ်ရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်သာ သတ်မှတ်ခဲ့သည်။

သို့သော် ရွှေနှင့်ဒေါ်လာဈေးကစားသူ ဝိသမလောဘသမားများကို အရေးယူခဲ့ကြောင်း ထုတ်ပြန်ပြီးနောက် ရွှေနှင့်ဒေါ်လာဈေးနှုန်းများ ပြန်ကျဆင်းလာချိန်ဖြစ်သည့် ယခင်တိုးမြှင့်သတ်မှတ်ထားသည့် ကျပ် ၄၁ သိန်းကျော်မှ ကျပ် ၄၈ သိန်းကျော်အထိ ဇွန်လ ၄ ရက်တွင် ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

YGEA က သတ်မှတ်ရွှေဈေးနှုန်းအား ကျပ် ၄၈ သိန်းကျော်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ပြီးနောက် ၎င်းတို့သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် ရွှေဆိုင်များ အရောင်းအဝယ်ပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်း ဇွန်လ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်လျှင် သတ်မှတ်ရွှေဈေးနှုန်းအား သုံးကြိမ်ထုတ်ပြန်ပေးခဲ့ပြီး ယမန်နေ့ ညနေ ၃ နာရီတွင် ထုတ်ပြန်သည့် ရွှေဈေးနှုန်းမှာ ကျပ် ၄,၈၁၀,၉၀၀ မှ ယနေ့ နံနက် ၉ နာရီတွင် ထုတ်ပြန်သည့် ရွှေဈေးနှုန်းမှာ ကျပ် ၄,၇၉၃,၁၀၀ သို့ အနည်းငယ် လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *