October 20, 2024

၇.၆.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနက်ကျေးရွာရှိ အရှေ့ပိုင်းတွင်နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ၎င်းတို့၏ နေအိမ်အောက်ထပ်၌ ဓားခုတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်ဟု ရုပ်အလောင်းများကို ကူညီသယ်ဆောင်ပေးသည့် ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီမှုနှင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါဖြစ်စဥ်ကို ယနေ့ ဇွန်လ ၇ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် တာဝန်ရှိရဲတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းများသယ်ဆောင်ပေးရန် ဖုန်းဆက်အကြောင်းကြားသောကြောင့် အသင်းယာဥ်ဖြင့် သွားရောက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

“နေအိမ်အောက်ထပ်မှာ လင်မယားနှစ်ယောက် ဓားဒဏ်ရာတွေနဲ့သေနေတာ။ အချင်းချင်းခုတ်တာတော့မဟုတ်ဘူး။ သူတို့နားမှာ ဓားတွေမရှိဘူး။ သူတို့မှာ ကလေးနှစ်ယောက်ရှိတယ်။ အကြီးဆုံးက (၈) နှစ်ဝန်းကျင် မိန်းကလေး။ ကျန်တစ်ယောက်ကလည်း ငယ်တယ်” ဟု ရုပ်အလောင်းများအား သွားရောက်သယ်ဆောင်သည့် ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီမှုနှင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ထိုဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဇနီးမောင်နှံနှစ်ဦးမှာ မည်သူသတ်ဖြတ်သည်ကို သိရှိရခြင်းမရှိသလို သတ်ဖြတ်ခံရသူများမှာ အသက် (၃၀) ဝန်းကျင်ရှိကြောင်း၊ ရုပ်အလောင်းများကို ပဲခူးပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ညီညွတ်ခြင်းစုပေါင်းအခမဲ့နာရေးကူညီမှုနှင့်လူမှုကူညီရေးအသင်း။

Leave a Reply

Your email address will not be published. Required fields are marked *