◾ အနာကြီးရောဂါသည်တွေမှီခိုရာ မရမ်းချောင်က မေတ္တာဂေဟာမှာ အနာ ကြီးရောဂါကြောင့် လာရောက်စောင့်ရှောက်မှုခံယူသူ ထပ်မံတိုးလာနေပြီး ပိုးတွေ့လူနာ ဒီနှစ်ပိုင်းအတွင်းတိုးလာတယ်လို့ ဆို
၇.၅.၂၀၂၄
Written by Hey Mar
လှည်းကူးမြို့နယ် မေတ္တာပရဟိတဂေဟာမှာ အခုနှစ် နှစ်ဆန်းကနေစတင်ပြီး အခြေအနေမဲ့ အနာကြီးရောဂါဝေဒနာရှင် ၃ ဦး လက်ခံပေးခဲ့ရကာ၊ ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း ပြန်လည်လက်ခံရတဲ့ ဖြစ်စဥ်လို့ MT News ကို ဂေဟာတာဝန်ခံက ရှင်းပြပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံမှာ အနာကြီးရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ အနာကြီးရောဂါကင်းစင်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ် နှစ်စုစာလောက်ငြိမ်သက်မေ့လျော့ခံဖြစ်လာတဲ့ အနာ ကြီး ရောဂါကြောင့် ကိုယ်လက်မသန်စွမ်းသူတွေနဲ့ ရောဂါရဲ့ကြောက်စရာဝေဒနာနဲ့ ဆုံးရှုံးမှုတွေကို ပေါ့လျော့လာရာက အခု ၂၀၂၁ ခုနှစ်နောက်ပိုင်းက စတင်ပြီး ရောဂါပိုးရှိတဲ့ဝေဒနာသည်တွေ တစစ ပြန်လည်များပြားလာတယ်လို့ အနာကြီးရောဂါနဲ့ ပတ်သတ်လို့ ကူညီဆောင်ရွက်နေသူတချို့က မှတ်ချက်ပေးပါတယ်။
“၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အနာကြီးရောဂါတော့ပျောက်နေပြီ။ နေစရာမရှိတဲ့လူတွေကို ကျေးရွာအုပ်ချုပ်ရေးမှုးတွေက အကူအညီတောင်းလာတော့ ကျွန်တော်တို့ လက်ခံရတယ်။ အဲ့သည်လိုနဲ့ပေါ့။ အဲ့သည့်နောက်ပိုင်း သိပ်မလာကြဘူး။ အခု နှစ်နစ်ဝန်းကျင်လောက်ကစပြီး အနာကြီးရောဂါနဲ့ပတ်သက်လို့ ဘယ်လိုတွေပြန်ဖြစ်လာသလဲဆိုတော့ အနာကြီးရောဂါပိုး ပြန်ပြီးတော့ ခေါင်းထောင်လာနေတယ်။ ကူးစက်မှု ပြန်ဖြစ်နေတယ်။ တစ်စိုက်မတ်မတ်လုပ်နေတဲ့ အခြေအနေက ရပ်ဆိုင်းသွားလို့ပဲလား၊ နှိမ်နင်းရေးလုပ်ငန်းတွေ ရပ်သွားလို့ပဲလား မသိဘူး။ ရန်ကုန်ဆေးရုံကြီး အရေပြားဌာနမှာ တစ်နှစ်ကို လူ သုံးလေးရာလောက် လူနာတွေ တိုးတယ်လို့ ကျွန်တော်တို့သိရပါတယ်”လို့ မရမ်းချောင်လို့ လူသိများတဲ့ လှည်းကူးမင်းကုန်းက မေတ္တာပရဟိတဂေဟာတာဝန်ခံ ဦးလှဌေးက MT News ကို ပြောပါတယ်။
ဦးလှဌေးက သူ့ရဲ့ ဆယ်စုနှစ် ၃ စုနီးပါး အတွေ့အကြုံအရ ၁၉၉၆ ခုနှစ်မှာ ခရီးသွားနှစ်အဖြစ် စတင်လုပ်ဆောင်တဲ့အခါ မြို့တော်သန့်ရှင်းရေးလုပ်ကြကြောင်း အနာကြီးရောဂါသည်တွေကိုတွေ့တော့ ဂေဟာကိုပို့တဲ့အတွက် စတင်လက်ခံလာရကြောင်း၊ အဲ့ဒီနောက် မော်လမြိုင်တောင်ဝိုင်းအနာကြီးရောဂါကုဆေးရုံနဲ့ ချိတ်ဆက်ကုသ အပြန်အလှန်ကူညီမှုတွေ ရှိကြကြောင်း၊ ဆေးရုံကဆင်းလာတဲ့ ပြန်စရာနေရာမရှိတဲ့ အဖိုးအဖွားတချို့နဲ့ ကိုယ်လက်အင်္ဂဂါမစုံတွေကို လက်ခံဖို့ အကူအညီတောင်းလို့ ကူညီရကြောင်း စသဖြင့် ဂေဟာရဲ့သမိုင်းကြောင်းနဲ့ ဖြစ်တည်လာပုံကို ရှင်းပြရင်း၊ နောက်ပိုင်းမှာ ဂေဟာက အနာကြီးရောဂါစင်တာဆိုတာထက် အိမ်ခြေမဲ့နဲ့ စွန့်ပစ်ခံတွေကိုသာ ကူညီရတဲ့အထိ အနာကြီးရောဂါဝေဒနာသည် လက် ကျန်ကလွဲရင် ထပ်တိုးတာ မရှိသလောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အခုလည်း ဝေဒနာသည်တွေ ပိုးရှိသူတွေ တိုးလာတိုင်းလည်း ဂေဟာကိုရောက်တာတော့မဟုတ်ဘူး။ မိသားစုကလည်း ဆေးစားရင်ပျောက်တယ်ဆိုတာ ဒီဘက်ခေတ်မှာက သိလာပြီ။ ဆေးအာနိသင်ကောင်းတွေကြောင့် ကိုယ်အင်္ဂါ ပျက်စီးမှုကလည်း မဖြစ်တော့ဘူး။ မိသားစုက လက်ခံရင် လမ်းဘေးမှာ အခြေအနေမဲ့ ဘဝကို မရောက်ဘူး။ ဒါဆို ဂေဟာကိုရောက်စရာမရှိဘူး။ ရောဂါကတော့ ပြန့်ပွားမှု အနည်းနဲ့အများ ရှိနေတယ်။ ဒီနှစ်ပိုင်းအတွင်း ကူညီရတာဆိုရင် ချင်းပြည်နယ်က ချင်းလူမျိုး အသက် ၁၆ နှစ်အရွယ် လူငယ်။ သူ့နယ်မှာဆေးရဖို့ လက်လှမ်းမမှီတော့ ဒီကိုခေါ်ပြီးကုသပေးရတာပါ။ နောက်တစ်ဦးက လက်ပံတန်းက အသက် ၇၀ကျော် အရင်ကဆို မော်လမြိုင်တောင်ဝိုင်း ဆေးရုံပို့တာ။ အခုက မလွယ်တော့ ဒီမှာပဲ ထားပြီး ကုပေးရတယ်။ နောက်တစ်ဦးက အင်းစိန်ကရောက်တာ သူကတော့ တခြားဝေဒနာတွေလည်းရှိတော့ ဆုံးသွားတယ်”လို့ မေတ္တာပရဟိတဂေဟာတာဝန်ခံက ဆိုပါတယ်။
မေတ္တာပရဟိတဂေဟာမှာ အမျိုးသားလူနာ ၅၆ ယောက် အမျိုးသမီး ၄၁ ယောက်၊ သက်ကြီးရွယ်အို အခြေနေမဲ့ ၁၁ ယောက်နဲ့ တချို့ဝေဒနာသည်မိသားစုတွေက ကလေးတွေမွေးဖွားထားပြီး မိသားစုလိုက်လာရောက်နေထိုင်ကြတဲ့အတွက် ကလေး ၁၆ ယောက်ပါ ရှိနေပြီး မရမ်းချောင်ရွာအနီးအနား အထကခွဲကျောင်းမှာပဲ ကျောင်းအပ်ပေးထားတယ်လို့ သိရပါတယ်။