October 21, 2024

၆.၆.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး၊ အင်းတိုင် (၉၈၁) ရှေ့တွင် ဘေးတွဲဆိုင်ကယ်ရှောင်သည့် Express ခရီးသည်ယာဥ်မှာ စက်ဘီးအား ဝင်တိုက်မိပြီး အုတ်တံတိုင်းနှင့် ဓာတ်တိုင်ကြားသို့ ညပ်သွားမှုဖြစ်စဥ်ကြောင့် အမျိုးသား (၃) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ပြီး လှည်းကူးမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒေသခံမီးသတ်တပ်ဖွဲ့တို့က ယာဥ်တိမ်းမှောက်မူကြောင့် ညပ်နေသူများကို ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ဘေးတွဲကို ရှောင်တာ။ ရှောင်ရင်း စက်ဘီးကို တိုက်မိပြီးတော့ အုတ်တံတိုင်းနဲ့ ဓာတ်တိုင်ကြားထဲ Express ယာဥ်က ရောက်သွားတာ။ ခရီးသည်ယာဥ်ခေါင်းပိုင်းလည်း ပျက်စီးသွားတယ်။ စက်ဘီးနင်းတဲ့သူနဲ့ Express က ပါလာတဲ့ ခရီးသည် (၂) ဦးလည်း ဒဏ်ရာပြင်းထန်ရတယ်”ဟု လှည်းကူးမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိသည့် အမျိုးသား (၃) ဦးကို လှည်းကူးဆေးရုံ ကုတင် ( ၁၀၀၀) ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ- လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *