October 21, 2024

၆.၆.၂၀၂၄
Written By Thandar

ငါးနှစ်နီးပါးရပ်ဆိုင်းထားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့အထူးခြားဆုံးမျက်နှာဖုံးတွေနဲ့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုအရယူခဲ့တဲ့ The Mask Singer Myanmar Season 2 အစီအစဉ်စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Melia’ Hotel မှာ ကျင်းပခဲ့ပါတယ်။

” ဒီ အစီအစဉ်က ငါးနှစ်နီးပါး ကွာဟသွားတဲ့အတွက် ပရိသတ်ကိုလည်း တောင်းပန်ပါတယ်။ Season 2 မှာ မျက်နှာဖုံးဝတ်စုံတွေကို မြန်မာ့ရိုးရာအငွေ့အသက်တွေပါဝင်ပြီး ယခင်နှစ်ထက် ပိုမိုဆန်းသစ်လှအောင် ဒီဇိုင်နာ မလတ်လတ် ကိုယ်တိုင်ဦးစီးပြီး မျိုးဆက်သစ် ဒီဇိုင်နာတွေက ဖန်တီးပုံဖော်ထားတဲ့အပြင် ပရိသတ်တွေ နှစ်ခြိုက်သဘောကျစေမယ့် ခေတ်ဟောင်းခေတ်ပေါ်တေးသီချင်းတွေကို ခေတ်နဲ့လိုက်ဖက်ညီအောင် Music Director ကိုမျိုးဇော်က ပြန်လည်ဆန်းသစ်တီးခတ်ပေးထားတဲ့အတွက် ဒီ Season 2 မှာ သီဆိုယှဉ် ပြိုင်မယ့်တေးသီချင်းတွေကို ပုံစံသစ်နဲ့ ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။ တဒင်္ဂအတွင်းမှာ စိတ်အပန်းပြေစေဖို့အတွက် ဒီအစီအစဉ် တင်ဆက်ပေးတာလည်းဖြစ်ပါတယ်”လို့ တင်ဆက်သူ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ပြောပါတယ်။

အဆိုပါ အစီအစဉ်တင်ဆက်သူအအနေနဲ့ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ ဆယ်လီစုံထောက်များအနေနဲ့ ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ငှက်ပျော်ကြော်၊ စန္ဒီမြင့်လွင်၊ မျက်နှာဖုံးရှင်ဆယ်လီတွေအနေနဲ့ နယ်ပယ်စုံက နာမည်ကြီး Celebrity (၁၈) ဦးတို့ကပါဝင်ပြီး အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ထူးခြားမှုမှာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးဝတ်စုံနောက်ကွယ်မှာနေတဲ့ သူတို့ရဲ့သရုပ်မှန်ကိုမပေါ်အောင် နောက်ဆုံးအချိန်အထိလျှို့ဝှက်ကာ သီဆိုယှဉ်ပြိုင်ကြတဲ့ Celebrity မည်သူမည်ဝါဖြစ်မယ်ဆိုတာကို ပဟေဠိကို ဆယ်လီစုံထောက်တွေနဲ့ပရိသတ်တွေက အသံနဲ့ဟန်ပန်အမူအယာကို နားဆင်ကြည့်ရှု ခန့်မှန်းဖော်ထုတ်အဖြေညှိရတာပါ၀င်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ The King of Mask Singer သီချင်းဆိုပြိုင်ပွဲအနေနဲ့ လူကြိုက်များထင်ရှားခဲ့ပြီး ထိုင်းနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့မှာ ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးထုတ်လွှင့်ပြသနေတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်ကာ နိုင်ငံတကာမှာလည်း ပရိသတ်အားပေးမှုနဲ့ကြည့်ရှုနှုန်းမြင့်မားတဲ့ဖျော်ဖြေရေးအစီအစဉ်တစ်ခုဖြစ်ပါတယ်။

The Mask Singer Myanmar ကို မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့အထူးခြားဆုံးအစီအစဉ်ကို မြန်မာပရိသတ်တွေကို ဖျော်ဖြေမှုပေးဖို့ ရည်ရွယ်ချက်နဲ့ Shwe Than Lwin Media Co., Ltd က ၂၀၁၉ ခုနှစ်မှာ စတင်ရိုက်ကူးထုတ်လွှင့်ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ The Mask Singer Myanmar Season 1 Winner ဆုရှင်ကတော့ အဆိုတော်ဆင်ပေါက် ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

The Mask Singer Myanmar Season 2 အစီအစဉ်တွေကို လာမယ့် ဇွန်လ ၂၁ ရက် ည ၉ နာရီကစတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း Channel 9, MNTV နဲ့ SKY NET Music ရုပ်သံလိုင်းတွေထုတ်လွှင့်ပြသမှာဖြစ်သလို THE MASK SINGER MYANMAR YouTube Channel က လည်း ပြန်လည် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *